Home
မြန်မာသတင်း
ကယားဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်မှု အခြေခံဥပဒေဆိုင်ရာခုံရုံး ကြားနာမည်
နော်နိုရင်း
·
October 1, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက လာမယ့် အောက်တိုဘာ ၆ ရက်မှာ  e-Court စနစ်နဲ့  ကြားနာသွားဖို့ရှိနေပါတယ်။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး  ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ) နဲ့ (ဂ) တို့ကို အနက်အဓိပ္ပါယ်ဖွင့်ပေးဖို့ တင်သွင်းထားတဲ့အပေါ်  ကြားနာမှာဖြစ်ပါတယ်။  အမှုကြားနာမှာနဲ့ ပတ်သက်ပြီး လာမယ့် အောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီမှာ ယူကျုကနေ တိုက်ရိုက်ထုတ်လွှင့်မယ်လို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာပါတယ်။ ကြားနာမယ့်အထဲမှာ အချက် ၃ ချက်ပါရှိပါတယ်။ အဲဒီအချက်တွေကတော့ ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ နဲ့ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်တဲ့အတွက် သူဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့် ရှိသူဟုတ်မဟုတ် ကြားနာမှာဖြစ်ပါတယ်။  ဒါ့အပြင် စွပ်စွဲပြစ်တင်သူ ၅ ဦး ထဲက ဦးသိန်းအောင် (ခ) ဦးစဲရယ် နုတ်ထွက်သွားတဲ့အတွက် လွတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနည်းဆုံး လေးပုံတပုံ ပြည့်ခြင်းမရှိတော့တဲ့ အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ)ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိ/မရှိ ကို ကြားနာမှာဖြစ်ပါတယ်။  ဦးအယ်ဖောင်းရှိုအပေါ် စွပ်စွဲ ပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာမှာ စွပ်စွဲပြစ်တင်ရာမှာ ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကို ထည့်သွင်းဖွဲ့စည်းထားတာဟာလည်း ပုဒ်မ ၂၆၃ (ဂ) အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိမရှိ ကြားနာသွားမှာဖြစ်ပါတယ်။ အမှုကြားနာမှုအတွင်း ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဘက်က တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး လိုက်ပါဆောင်ရွက်မှာဖြစ်ပေမယ့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကတော့ ကြားနာမှုအတွက် ကိုယ်တိုင်ပါဝင်ဖို့  စာရင်းပေးထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး  ဝန်ကြီးချုပ်ဟောင်းဦးအယ်ဖောင်းရှိုက “ အမှန်တရား ပေါ်ပေါက်ဖို့အတွက် ဒါ ဥပဒေမူဘောင်နဲ့အညီ စီမံသွားမှာပေါ့။ ဒါသဘောထားမှတ်ချက်ပဲ။” လို့ ပြောပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှု ကိစ္စတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃  (က) အရ စွပ်စွဲပြစ်တင်ခဲ့ပါတယ်။  ဒီစွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပေးပြီး စုံစမ်စစ်ဆေးခဲ့ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့သုံးသပ်ချက်ပါ အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၁၆ မဲ၊ ကန့်ကွက်သူ ၄ မဲရရှိခဲ့တဲ့အတွက် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆိုကို  လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထံပေးပို့ပြီး သမ္မတကလည်း  ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို  တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024