ယူကရိန်းနိုင်ငံတွင် တောမီးကြောင့် ၅ ဦးသေဆုံး
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန်စ်ဒေသမှာ တောမီးလောင်နေတာကြောင့် လူ ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကို ဆေးရုံပို့ခဲ့ရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က အောက်တိုဘာလ ၁ ရက်မှာ ပြောဆိုပါတယ်။
တောမီးဟာ လူနေအခြေချ ဒေသ ၂၂ ခုကို ခြိမ်းခြောက်ခဲ့ပြီး ဟက်တာ ၁၈,၀၀၀ ဝန်းကျင် ဧရိယာကို ဝါးမြိုခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒေသခံ ၁၂၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဇူလိုင်လတုန်းကလည်း လူဟန်စ်ဒေသမှာ တောမီးကြောင့် လူ တစ်ယောက် သေဆုံးပြီး ၉ ယောက်ကို ဆေးရုံတင်ခဲ့ရပါတယ်။ နောက်ပြီး ရွာနှစ်ရွာက အားလပ်ရက် အပန်းဖြေအိမ်အလုံး ၈၀ နဲ့ နေအိမ် အလုံး ၃၀ ကျော်လည်း ပျက်စီးခဲ့ပါတယ်။
ဒီနှစ်နွေရာသီမှာ နိုင်ငံမြောက်ပိုင်းက လည်ပတ်မှု မရှိတော့တဲ့ ချာနိုဘိုင်းနျူကလီးယား ဓာတ်ပေါင်းဖို ဝန်းကျင်နဲ့ တခြားနေရာမှာ လောင်နေတဲ့ တောမီးကြောင့် မြို့ တော် ကိယက်ဗ်ရဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာမှာ အဆိုးဆုံးဖြစ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။