Home
မြန်မာသတင်း
အခြေခံဥပဒေပြင်ရေး တိုင်းရင်းသားပါတီများ ဆွေးနွေး
နန်းမြနဒီ
·
July 8, 2013
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တချို့မှာ တိုင်းရင်းသားအခွင့်အရေးတွေ မပါလို့ တန်းတူညီမျှရရှိရေးအတွက် ပြန်လည်ပြင်ဆင်ဖို့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဆွေးနွေးခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ နေပြည်တော်မှာ ဇူလိုင် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ [caption id="attachment_41371" align="alignleft" width="300" caption=" ပြီးခဲ့တဲ့ ဇွန်ကညီနောင်တိုင်းသားသားပါတီများ ဖက်ဒရေး ဆွေးနွေးပွဲ ပြုလုပ်စဉ်"][/caption] ဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာက  ဥပဒေအကြံပေးတဦးဖြစ်တဲ့  ဒေါက်တာ အင်ဒရူးက ဦးဆောင်ပြီး တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ဥပဒေကို လက်ရှိ ဥပဒေနဲ့ တိုက်ကြည့်ပြီးတော့ လေ့လာသုံးသပ်ခဲ့ကြတယ်လို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောခွင့်ရ  ဦးစောသန်းမြင့်က ပြောပါတယ်။ “လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လက်ရှိအနေအထားအထိ တိုင်းရင်းသားအခွင့်အရေးတွေ မပါဘူး၊ တန်းတူ ညီမျှမှု မရှိဘူး။ အဲတော့ ပြည်နယ်နဲ့ ပြည်မ၊ ဒါမှမဟုတ် ပြည်နယ်အားလုံးနဲ့ ပြည်မမှာရှိတဲ့ ပြည်သူအားလုံးက တန်းတူညီမျှအခွင့်အရေး ရရမယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်။ အခုက တန်းတူညီမျှ မရဘူး။ ပြည်မမှာ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အားလုံး အကြီးအကျယ် တိုးတက်တယ်။ ကျနော်တို့ ပြည်နယ်နဲ့ တောင်တန်းဒေသမှာ အင်မတန် နည်းသေးတယ်။ တန်းတူညီမျှဖို့လိုတယ်။ ပြည်သူအားလုံး တန်းတူညီမျှအခွင့်အရေးရဖို့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှာ ဘယ်လို၊ ဘယ်အချက်ကို လုပ်ဆောင်ရင်ကောင်းမလဲဆိုတာ အလုပ်ရုံဆွေးနွေးပွဲ လုပ်တာပါ။” ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ရင် ပြင်ဆင်စရာတွေ အများကြီးတွေ့ရကြောင်း၊ တချို့က ပြင်ဖို့လွယ်ကူပြီး၊ တချို့က ပြင်ရခက်ကြောင်း၊ အားလုံးကို ပြင်ဆင်ဖို့အတွက် နှစ်အတော်ကြာ အချိန်ယူရမှာ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှာ ဥပဒေ ပြင်ဆင်ရေးဆွဲတာ နှစ်ပေါင်းရာနဲ့ချီတောင် ပြင်လို့ မပြီးသေးကြောင်း ဒေါက်တာ အင်ဒရူးက ဥပမာပြု သုံးသပ်သွားတယ်လို့  ဦးစောသန်းမြင့်က ပြောပါတယ်။ တိုင်းရင်းသားပါတီတွေက ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့အတွက် အခြေခံဥပဒေကို ပြင်ဆင်ရာမှာလည်း ဖက်ဒရယ်ရေး၊ တန်းတူရေးကို အခြေခံမှာဖြစ်ကြောင်း၊ အဓိကကတော့ အားလုံးက ပြင်ဆင်ဖို့ ဆန္ဒသဘောထားကိုက်ညီရင်၊ ပြည်သူတွေကလည်း တခဲနက်တောင်းဆိုရင် ပြင်ဆင်ဖို့ ဖြစ်နိုင်တယ် ဦးစောသန်းမြင့်က ပြောပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်လိုလားချက်ကို သက်ဆိုင်ရာ မိမိတိုင်းရင်းသားပါတီတွေဆီ တင်ပြ နိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လေ့လာဖို့လည်း ဦးစောသန်းမြင့်က တိုက်တွန်းသွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်သင့်တဲ့ အပိုဒ်တွေထဲမှာ အုပ်ချုပ်ရေးအာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ  ဦးဝင်းမြင့်က ခုလိုပြောပါတယ်။ "နောက်ဆက်တွဲဇယား ၁- ၂ - ၃ - ၅ တွေဟာ ပြည်နယ်နဲ့တိုင်းကို   ခွဲထားပေးတယ်ဆိုပေမယ့်လည်း တကယ်အနှစ်သာရ ကြီးကြီးမားမား ခွဲဝေပေးထားတာ မရှိဘူးလေ ။ မစို့မပို့လေးဘဲ ခွဲထားတာ ရှိပါတယ်။ အထူးသဖြင့် ပြည်နယ်ရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို အဲဒီ  ဇယား ၁- ၂- ၃ မှာထက် ပိုပြီးတော့ လုပ်ပိုင်ခွင့်ရအောင် ကျနော်တို့ တင်ပြပါမယ်။ နောက်တခုက ပြည်နယ်ဝန်ကြီးချုပ်တွေ ရွေးချယ်တဲ့ခါမှာ   နိုင်ငံတော် သမ္မတက ချပေးတဲ့သူ မဖြစ်ဘဲနဲ့ သူ့ပြည်နယ် ကိုယ်ပြည်နယ်မှာ လွတ်လွတ်လပ်လပ်ဝန်ကြီးချုပ်ကို ရွေးချယ်ဖို့ တင်ပြပါ့မယ်။" တိုင်းရင်းသားအခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲမှာ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရှမ်း၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန်၊ ကယန်း၊ အင်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်နဲ့ ၀ စတဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေအပြင် ပြည်ထောင်စုလွှတ်တော်အဖွဲ့ဝင်တွေ အပါအ၀င် စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024