Home
မြန်မာသတင်း
ထိုင်းတွင် မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ခဲ့သည့် မြန်မာအမျိုးသမီး ၁ ဦးဖမ်းဆီးခံရ 
DVB
·
September 30, 2020
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲမှာ မိမိရင်သွေးငယ်ကို မွေးဖွားပြီး ရက်ပိုင်းအတွင်း စွန့်ပစ်ခဲ့တဲ့ မြန်မာအမျိုးသမီး ၁ ဦးကို တာဝန်ရှိသူတွေက စက်တင်ဘာ ၂၉ ရက်နေ့မှာ ဖမ်းဆီး လိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  စက်တင်ဘာ ၂၃  ရက် မနက်စောစောက  ဖူးကစ်ခရိုင် ကရထုမြို့နယ် ပါတောင်းရပ်ကွက်ရှိ ကရုန်းထိုင်းဘဏ်တိုက်အနောက်မှာ  ရက်သားအရွယ်က လေးငယ်တဦး လာရောက်စွန့်ပစ်ထားတာ တွေ့ရလို့  တာဝန်ရှိသူတွေက ကလေးကို ပါတောင်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကလေးစွန့်ပစ်သူကိုလည်း လိုက်လံစုံစမ်းခဲ့တာပါ။  တာဝန်ရှိသူတွေက ဘဏ်တိုက်ကစီစီကင်မရာတွေ ပြန်စစ်လိုက်တဲ့အခါ စက်တင်ဘာ ၂၃ ရက် မနက် ၅ နာရီခွဲက  အနီရောင်လက်ရှည်အင်္ကျီဝတ်ပြီး  နှာခေါင်းစွပ်အနက်ရောင်တပ်ထားတဲ့ အမျိုးသမီး ၁ ဦးဟာ အဆိုပါကလေးကို လာစွန့်ထားတာတွေ့ရလို့ သူလာရာလမ်းကြောင်းအတိုင်း လိုက်စစ်ခဲ့တာမှာ အမျိုးသမီးဟာ စူရတ်ဌာနီခရိုင်ကနေ ဖူးကစ်ကိုလိုင်းကားစီးလာတာလို့  မော်တော်ယာဉ်လိုင်းကပြောတဲ့အတွက် စူရတ်ဌာနီဆေးရုံကို ဆက်သွယ်စုံစမ်းခဲ့တယ်လို့  ပါတောင်း နယ်မြေ ရဲစခန်းက စခန်းမှူး ရဲမှူးက ပြောပါတယ်။ စူရတ်ဌာနီဆေးရုံကလည်း အဆိုပါအမျိုးသမီးဟာ အသက် ၄၀ နှစ်ရှိ အိအိဖြိုး ဆိုသူ မြန်မာ အလုပ်သမ ၁ ဦးဖြစ်ပြီး စက်တင်ဘာ ၉ ရက်က သူတို့ဆေးရုံမှာ သားယောကျ်ားလေး လာမွေးသွား တယ်လို့ပြောတာကြောင့် ဆေးရုံကပေးတဲ့ နေရပ်လိပ်စာအတိုင်း ဆက်လက်စုံစမ်းရှာဖွေ ခဲ့ပါတယ်။  စက်တင်ဘာ ၂၉ ရက် မနက်မှာတော့ စူရတ်ဌာနီခရိုင် ဖွန်ဖင်းမြို့နယ် တဘန်အုပ်စုတွင်းရှိ ရာဘာခြံအလုပ်သမားတန်းလျားမှာ နေထိုင်တဲ့ အဆိုပါ မြန်မာအမျိုးသမီးကို  ကလေးစွန့်ပစ်တဲ့ နေ့က ဝတ်ထားတဲ့အဝတ်အစားအသုံးအဆောင်တွေနဲ့အတူ  ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။  အိအိဖြိုးကလည်း သူမဟာ မိမိရင်သွေးကို စွန့်ပစ်ခဲ့တာလို့ ဝန်ခံသွားပါတယ်။ အခု လိုလုပ်ရတာကတော့ ကလေးကို သူ့အဖေကတာဝန်မယူနိုင်ဘူးလို့ ပြောတာကတကြောင်း၊ သူ့အနေနဲ့လည်း အလုပ်အကိုင်အဆင်မပြေ ငွေလည်းမရှိလို့  ကလေးကိုကျွေးမွေးပြုစုဖို့ မတတ်နိုင်လို့ စွန့်ပစ်ခဲ့ရတာလို့ ဆိုပါတယ်။  သူ့မှာ နောက်ထပ်ကလေးတစ်ယောက်ရှိသေးကြောင်း၊ အဲဒီတယောက်ကိုတော့ မြန်မာပြည်က မိဘထံပို့ထားပြီး လစဉ်ငွေရှာပြီး ပို့ပေးနေတယ်လို့ ဆိုပါတယ်။  ပါတောင်းရဲစခန်းကတော့ သူမကို  ရင်သွေးစွန့်ပစ်မှုနဲ့ အရေးယူထားပြီး ဖူးကစ်ခရိုင်တရား ရုံးကို ပို့ဆောင်လိုက်ပါတယ်။  ထိုင်းဥပဒေအရ မည်သူမဆို အသက် ၉ နှစ်အောက်ကလေးငယ်တွေကို အုပ်ထိန်းသူ၊ စောင့်ရှောက်သူလက်မှလွတ်ကင်းအောင် စွန့်ပစ်တယ်ဆိုရင် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ဒါမှမဟုတ် ဘတ်ငွေ ၆၀၀၀ ထက်ပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။  ကိုးကား- MGR Online / Khaophuket ကိုးကား - https://mgronline.com/south/detail/9630000099546
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024