Home
မြန်မာသတင်း
ရွှေဘိုခရိုင်၌ မိုးခေါင်ပြီး ဆည်ရေမရသဖြင့် စပါးစိုက်ပျိုးရေးထိခိုက်နေ 
DVB
·
September 30, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းက လယ်သမားတွေဟာ မိုးရွာသွန်းမှု နည်းပါးတာနဲ့ ဆည်ရေ အပြည့်မရနိုင်တာကြောင့် စိုက်ပျိုးပြီးစပါးတွေဟာ ရေခမ်းခြောက်နေလို့ လယ်သမားတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ သဖန်းဆိပ်ဆည်ဟာလည်း စီးဝင်ရေနည်းနေတဲ့အတွက် လက်ရှိစိုက်ပျိုးထားတဲ့မိုးစပါးစိုက် ဧကတွေ အောင်ရေပြည့်ပြည့်ဝဝ ရဖို့ဆိုရင် စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်းမှာ သဖန်းဆိပ်ဆည်အတွင်းအနည်းဆုံး စီးဝင်ရေ ဧကပေ ၄ သိန်းအထိလိုအပ်နေသေးတဲ့အတွက် တောင်သူ လယ်သမားတွေအနေနဲ့ ရေကိုချွေချွေတာတာသုံးစွဲကြဖို့ ရွှေဘိုခရိုင် ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်တင်ဘာ ၇ ရက်နေ့က နှိုးဆော်ထားပါတယ်။ အခုအခါမှာ စိုက်ပျိုးပြီး လယ်ဧကတွေမှာ စက်မောင်းရေကိုပင်မရှိတော့တဲ့အတွက် တောင်သူလယ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဝက်လက်မြို့နယ် မြင်တော်ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးဗလ ကပြောပါတယ်။ “လွန်ခဲ့တဲ့ တလခွဲလောက်ကစပြီး ဆည်မြောင်းရေ မလာတော့တာ။ မူးမြောင်းက တရားမဝင် ပြွန်တွေတပ်ဆင်တာတာကြောင့် အခက်အခဲတွေဖြစ်နေတာ။ ဒီတရားမဝင်ပြွန်ပိုတွေကို ဆည်မြောင်းဌာနအနေနဲ့ ရှင်းလင်းပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်။” မြင်တော်ကျေးရွာအုပ်စုအတွင်းမှာ လယ်ဧက ၂၀၀၀ ကျော်လောက်အထိ ရေအခက်အခဲ ဖြစ်နေတာဖြစ်ပြီး ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ မူးမြောင်းအဖျားက လယ်ဧကတွေ အများဆုံး အခက်အခဲဖြစ်နေကြပါတယ်။ သဖန်းဆိပ်ရေလှောင်တမံဟာ ၂၀၁၉ ခုနှစ်က တစ်ရက်ပျမ်းမျှ ဝင်ရေ ဧကပေ ၉၀၀၀ ခန့်ထိရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ တစ်ရက်ပျမ်းမျှဝင်ရေ ဧကပေ ၄၀၀၀ ခန့်သာရှိတဲ့အတွက် စီးဝင်ရေသိသိသာသာ လျော့ကျလာတာဖြစ်ပါတယ်။  ဧကပေ ၂၈ သိန်းအထိ သိုလှောင်နိုင်တဲ့ သဖန်းဆိပ်ဆည်ဟာ အခုအခါမှာ သိုလှောင်ရေ ပမာဏ ဧကပေ ၇ သိန်းကျော် သာရှိတယ်လို့ သိရပါတယ်။ ဝက်လက်မြို့နယ် မင်းကျီ‌ကျေးရွာနေ ဦးမြင့်သန်းက “စပါးစစိုက်ပါ ဆိုကတည်းက စက်တွင်းရေမောင်းပြီး စိုက်ပျိုးကြရတာဖြစ်ပြီး ကြာလာတော့ တွင်းရေတွေကလည်း ခမ်းလာတဲ့အတွက်ကြောင့် စက်မောင်းလို့ မရတော့လို့ စက်မောင်းရေလေးလောက် ဆည်ရေ ပေးမယ်ဆိုရင် အဆင်ပြေတယ်” လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ  မိုးသီးနှံ ဧက ၅၃ သိန်း နဲ့ ဆောင်းသီးနှံ ဧက ၄၃ သိန်း၊ သီးနှံစုံစုစုပေါင်း  ဧက  ၉၇ သိန်းခန့်အထိ စိုက်ပျိုးဖို့လျာထားဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေး သတင်းအချက်အလက်တွေအရသိရပါတယ်။  ရွှေဘိုခရိုင်အတွင်းကတောင်သူလယ်သမားတွေဟာ ပြီးခဲ့တဲ့ နှစ်ကလည်း မိုးခေါင်တာနဲ့ ဖြုတ်ပိုးကျတာကြောင့် စပါးသီးနှံတွေပျက်စီးဆုံးရှုံးခဲ့ကြရတာဖြစ်ပြီး အခုနှစ်မှာလည်း မိုးခေါင်တာနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။  သတင်း - အောင်စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024