Home
မြန်မာသတင်း
MRTV မှမဲဆွယ်မိန့်ခွန်းထုတ်လွှင့်မည့်အစီအစဉ်တွင် မပါဝင်ရန် ပြည်သူ့ပါတီဆုံးဖြတ်
DVB
·
September 30, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)ကနေထုတ်လွှင့်မယ့် ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းပါ   ပါတီမူဝါဒ သဘောထားတချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခိုင်းခဲ့တဲ့ အတွက်  ဟောပြောမယ့်အစီအစဉ်မှာ မပါဝင်တော့ဘူးလို့  ပြည်သူ့ပါတီက ကြေညာပါတယ်။ ပြည်သူ့ပါတီရဲ့ မူဝါဒထဲမှာပါတဲ့ စာပိုဒ်(၄) နဲ့(၅)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခိုင်းတဲ့အတွက်ကြောင့် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ   ၂၀၂၀  ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ နိုင်ငံရေးပါတီတွေ အလှည့်ကျဟောပြော ထုတ်လွှင့်မယ့် အစီအစဉ်မှာ  ပြည်သူ့ပါတီအနေနဲ့ လုံးဝ ပါဝင်မှာ မဟုတ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်အဝေးက ဆုံးဖြတ်လိုက်တယ်လို့ စက်တင်ဘာ ၂၉ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ဟောပြောဖို့အတွက် ကြိုတင်ပေးပို့ထားတဲ့ ပါတီရဲ့မူဝါဒ သဘောထားတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တားမြစ်ချက်(၉)ချက်နဲ့လည်း ငြိစွန်းမှု မရှိတဲ့အပြင် မည်သည့်အချက်နဲ့ ငြိစွန်းနေတယ်ဆိုတာကိုလည်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်  နိုင်ငံရေးပါတီတစ်ရပ်က ပြည်သူလူထုကိုတင်ပြမယ့် မူဝါဒတွေကို  ဖြတ်တောက်၊ တည်းဖြတ်တာဟာ  ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အခြေခံ အကျဆုံး စံချိန်စံညွှန်း တန်ဖိုးထားမှုနဲ့  ကျင့်စဉ်တွေကို   ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ပြည်သူ့ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ၉ ဦးအပါအ၀င် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောကြားထားပါတယ်။  ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလစတင်နေပြီဖြစ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယို တို့ကနေ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးဟောပြောမိန့်ခွန်းတွေ နေ့စဉ်ထုတ်လွှင့်ပေးနေပြီး  အွန်လိုင်းနဲ့ နိုင်ငံပိုင်သတင်းစာတွေကနေလည်း  ဖော်ပြပေးနေပါတယ်။ ဒီလိုဟောပြောရာမှာ တခြားနိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းတွေလည်း ဆင်ဆာဖြတ်တောက်ခံရတာတွေရှိနေပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊  အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ပါတီနဲ့ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီတို့ကလည်း MRTV မှာ မဲဆွယ်မိန့်ခွန်း ရိုက်ကူးရေး မလုပ်တော့ဘူးလို့ ပြောကြားထားပါတယ်။  ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနဲ့ ရုပ်မြင်သံကြားဌာနကတော့ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးဟောပြောချက် ရိုက်ကူးထုတ်လွှင့်မှုတွေအပေါ် ရုပ်သံမှာရော နေ့စဉ်သတင်းစာတွေမှာပါ  တည်းဖြတ်ပြင်ဆင်ခြင်း လုံးဝမရှိဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။  သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ- ပြည်သူ့ပါတီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024