တရုတ်ထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဈေးနှုန်းချိုသာစွာ စောစောစီးစီးရရှိရန် မြန်မာပန်ကြား
DVB
·
September 29, 2020
မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဈေးနှုန်းချိုချိုသာသာနဲ့ စောစောစီးစီးရဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တရုတ်နိုင်ငံကို ပန်ကြားလိုက်ပါတယ်။
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်က ဗွီဒီယို ကွန်ဖရင့်စနစ်နဲ့ လုပ်ခဲ့ရာမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ပြောခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရင် ကမ္ဘာ့ပြည်သူတွေ အသုံးပြုနိုင်မယ့် ကာကွယ်ဆေးအဖြစ်ဖြန့်ဝေပေးဖို့ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဝန်ကြီးကပြောပြီး ဈေးနှုန်းချိုချိုသာသာနဲ့ စောစောစီးစီးရဖို့အတွက်လည်း တရုတ်နိုင်ငံကို မေတ္တာရပ်ခံလိုက်တာပါ။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်မှုအစီအမံတွေကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား နယ်စပ်နဲ့ ပုံမှန်ကုန်သွယ်မှု ကုန်စည်စီးဆင်းမှုကွင်းဆက် လွယ်ကူချောမွေ့စေရေးကို မထိခိုက်စေဘဲ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြောပါတယ်
ဒါ့အပြင် ကိုဗစ်-၁၉ အလွန်ကာလမှာ ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေးတို့အတွက် ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းရဲ့ အရေးပါမှုကိုလည်း အလေးထားပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒီအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက သဘာပတိအဖြစ်ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ၁၃ နိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီး အဆင့် ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်၊ စီးပွားရေးနဲ့ လူမှုရေးဌာနလက်ထောက်အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ- MOFA