A d v e r t i s e m e n t With Us

နေပြည်တော်တွင် ကြံ့ခိုင်ရေးပါတီထောက်ခံသူများ အင်အားပြလှည့်လည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ ဝန်းရံသူတွေဟာ  စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော်၊ လယ်ဝေးမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေအတွင်းမှာ အင်အားပြ လိုက်လံ လှည့်လည်ခဲ့ကြပါတယ်။ ရာနဲ့ချီတဲ့ ကြံ့ခိုင်ရေးပါတီဝန်းရံသူတွေဟာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ကျေးရွာတွေအတွင်း လိုက်လံလှည့်လည်ခဲ့ကြတာဖြစ်ပြီး “ ၂၀၂၀ ရွေးကောက်ပွဲ ပြည်ခိုင်းဖြိုး နိုင်ရမည်၊ အမျိုးဘာသာ၊ သာသနာထွန်းကားဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့ “ အစရှိတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ ကြံ့ခိုင်ရေးပါတီဝင်တွေ အခုလှည့်လည်တဲ့ လယ်ဝေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း  ဦးဌေးဝင်း၊ ဒက္ခိဏသီရိမြို့နယ်မှာတော့ လယ်/ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ကြံ့ခိုင်ရေးပါတီဝန်းရံသူတွေအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း အင်အားပြခဲ့ပြီး အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက် အင်အားပြတာလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံမှာ ဒုတိယလှိုင်းအသွင် ပျံ့နှံ့ဖြစ်ပွားနေချိန်မှာ လူစုလူဝေးတွေ မလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မဲဆွယ်စည်းရုံးလှည့်လည်ရာ မှာလည်း  အယောက် ၅၀ ထက်မပိုဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။  သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

A d v e r t i s e m e n t With Us

More News
Up