Home
အနုပညာ
လူငယ်ရုပ်ရှင်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၏ ဖခင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
DVB
·
September 29, 2020
လူငယ်ရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်တဲ့ ထူးပိုင်ဇော်ဦးရဲ့ ဖခင် ဦးအောင်မြင့်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့က ကိုဗစ် -၁၉ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ “ကျနော် ပါပါး ကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ ပါးစပ်က တခါမှ ထုတ်မပြောဖူးဘူး။ ဟိုနေ့က ဆေးရုံမှာ ပြောပေမယ့် ပါပါး ကြားလိုက်သလား မသေချာလို့ နေပြန် ကောင်းရင် ကြားအောင်ပြောမယ်လို့ တွေးထားတာ။ မနေ့က ဖောင်ကြီးရောက်ပြီး ဒီနေ့ ဆုံးသွားတော့ ကျနော် ဘာ‌ဖြစ်မှန်း‌တောင် မသိတော့ဘူး” ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၉ ရက်လောက်ကတည်းက ဖျားနာခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုလုပ်ခဲ့ရာက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတာဖြစ်ကာ ဂျပန်ဆေးရုံမှာ ၅ ရက်နေခဲ့ရပြီး ဖောင်ကြီးကုသရေးဆေးရုံကို စက်တင်ဘာလ ၂၆ ရက်နေ့ရောက်ရှိခဲ့ကာ ၂၇ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေ ရင်ပြည့်ပြီး နုံးတယ်။ လွန်ခဲ့တဲ့ ၈ ရက် က ဖျားတယ်။ နောက်ရက် ညနေပိုင်း O2 ကျ‌လို့ နောက်နေ့ ‌ဂျပန်ဆေးရုံသွားပြတယ်။ ICU ထဲရောက်တယ်။ ကျတော်ဘေးကနေ စောင့်ပေးတယ်။ Swab Test လုပ်တယ်။ နောက်နေ့ Covid Positive ထွက်တယ်။ အိမ်မှာ စောင့်နေတဲ့ အမေကို Q ခေါ်သွား တယ်။ ကိုဗစ်ကုသဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက် ထပ်နေတယ်။ မနေ့က ဖောင်ကြီးကိုခေါ်တယ်။ ကျနော် Q ဝင်ရတယ်။ ဒီနေ့ အဖေ ဆုံးတယ်။ အရမ်းမြန်လွန်းတယ်” ဒီအခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ယူကြုံးမရဖြစ်ရတဲ့အကြောင်းကိုလည်း ထူးပိုင်ဇော်ဦးက ခုလိုရေးသားထားခဲ့တာပါ။ “Covid ကို အရမ်းကြောက်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကြုံရမယ်လို့ တခါမှ မတွေးထားဘူး။ ကိုယ့်မိဘဆိုတော့ ပိုမဖြေနိုင်ပါဘူး။ ကိုယ်တိုင်က ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေပေမယ့် အဖေ သူ့ အလုပ် သွားသွားနေတာကို မတားနိုင်ခဲ့ဘူး။ ကျနော် တချက်ပေါ့မိပါတယ်။ ကျနော် ညံ့ပါတယ်။ အမေနဲ့ ကျနော်လည်း မစစ်ရသေးတော့ ပိုး ရှိ နေနိုင်တယ်။ ကျနော်က ICU မှာ ၅ ရက်လုံး ရှိခဲ့တော့ ပိုရှိနိုင်ပါတယ်။ ဖြစ်မယ်ဆို ကျနော် ပဲ ပိုးတွေ့ပြီး အမေ အန္တရာယ်ကင်းပါစေ။ ၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။ ဒီ တခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေကို သွားတောင်တွေ့လို့မရတော့‌တာ တော်တော် ဆိုးပါတယ်” ထူးပိုင်ဇော်ဦးဟာ “ည”ရုပ်ရှင်ကားတကားတည်းနဲ့ပွဲဦးထွက်အောင်မြင်မှုတွေ ရရှိ ပြီး နောက်ထပ် သူ့ရဲ့ ဒုတိယမြောက် ဖန်တီးမှုလက်ရာ “သူစိမ်းအိမ်”ရုပ်ရှင်နဲ့လည်း ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ လူငယ်ဒါရိုက်တာတယောက် ဖြစ်ပါတယ်။ သူနောက်ထပ်ရိုက်ကူးထားတဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ”နဲ့ “Yangon in Love”ရုပ်ရှင်ကားတွေဟာလည်း ရုံမတင်ခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်စားမှုရရှိ နေတာ ဖြစ်ပါတယ်။ ခုလတ်တလောမှာတော့ သူ့ဖခင်ရဲ့ နာရေးသတင်းအပေါ် အနုပညာရှင်တွေကရော ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြပြီး အားပေးနှစ်သိမ့်တဲ့ မှတ်ချက်တွေ ရေးသားနေကြတာ ဖြစ်ပါတယ်။ ထူးပိုင်ဇော်ဦးကတော့ သူ့ကို အားပေးချစ်ခင်ကြသူတွေကို “ကျတော့်ကိုချစ်တဲ့ သူတွေ ဘုရားရှိခိုးဖြစ်တဲ့အခါ ဦးအောင်မြင့် အသက် ၆၆ နှစ်ကို ရည်းစူးပြီး ‌မေတ္တာပို့ အမျှဝေပေးကြပါ။ ကုသိုလ်အကျိုးကို သူ ခံစားစေချင်လို့ပါ”လို့ ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024