လူနာသစ် ၇၄၃ ဦးတွင် ရန်ကုန်တိုင်းက ၄၇၃ ဦးနှင့် ရခိုင်က ၁၉၀ ဖြင့် အများဆုံးတွေ့ရှိ
DVB
·
September 28, 2020
မနေ့က စစ်ဆေးအတည်ပြုခဲ့တဲ့ ကိုဗစ်-၁၉ လူနာ ၇၄၃ ယောက် ထဲမှာ ရန်ကုန်တိုင်းက ၄၇၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၁၉၀ နဲ့ ဒုတိယအများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
မြို့နယ်တွေမှာတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပိုးတွေ့လူနာ ၁၁၈ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာတော့ လှိုင်သာယာမြို့နယ်က ၇၅ ယောက်တွေ့ရလို့ အများဆုံးဖြစ်ပြီး မနေ့က ထုတ်ပြန်ချက်မှာလည်း လှိုင်သာယာမှာ ၆၅ ယောက်တွေ့ခဲ့ရတာပါ။
ပြီးတော့ မြောက်ဥက္ကလာပက ၅၃ ယောက် ပါနေပြီး မနေ့ကလည်း ၅၇ ယောက်ပါဝင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းထဲ ၃၉ မြို့နယ်က လူနာတွေပါဝင်ပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခုက လူနာ ၁၉၀ ပါဝင်ပါတယ်။
ဧရာဝတီတိုင်းက ၅ ယောက်၊ မန္တလေးတိုင်းက ၁၀ ယောက်၊ ပဲခူးတိုင်းက ၂၅ ယောက်၊ စစ်ကိုင်းတိုင်းက ၇ ယောက်၊ မွန်ပြည်နယ်က ၁၄ ယောက်၊ နေပြည်တော်က ၁၁ ယောက်၊ ကချင်ပြည်နယ်က ၄ ယောက်၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းက ၁ ယောက်စီ၊ ချင်းပြည်နယ်က ၂ ယောက် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ဧရာဝတီတိုင်း ဒေးဒရဲနဲ့ မအူပင်၊ မန္တလေးတိုင်း ရမည်းသင်း၊ ပဲခူးတိုင်း ပေါက်ခေါင်း၊ မကွေးတိုင်း ပေါက်နဲ့ ချင်းပြည်နယ် တွန်းဇံက လူနာတချို့ဟာ ရန်ကုန်မှာ ဆေးကုသနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးတော့ စစ်ကိုင်းတိုင်းက ၁ ယောက်နဲ့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က တယောက်တို့ဟာ ပဲခူးတိုင်း ဖြူးမြို့နယ်မှာ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ်က လူနာကတော့ နိုင်ငံခြားခရီးသွားရာဇဝင်ရှိတာကြောင့် ရန်ကုန်မှာ အသွားအလာကန့်သတ်ထားသူ ဖြစ်ပါတယ်။