မြန်မာပြည်သို့ တရားမဝင်ပို့မည့် တရုတ်နိုင်ငံလုပ် Mask ၇၀၀၀၀ မဲဆောက်တွင်ဖမ်းမိ
DVB
·
September 28, 2020
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာပြည်ဘက်ကို တရားမဝင် မှောင်ခိုတင်ပို့ရောင်းချမယ့် တရုတ်နိုင်ငံထုတ် MASK (နှာခေါင်းစည်း) ပေါင်း ၇၀၀၀၀ လောက် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့ မယ်ကုရပ်ကွက်ထဲရှိ အိမ်တစ်အိမ်မှာ မြန်မာပြည်ကိုတင်ပို့မယ်လို့ ယူဆရတဲ့ Mask မြောက်အမြား သိုလှောင်ထားကြောင်း သတင်းပေးချက်ရရှိတဲ့အတွက် အမှတ် ၄ စစ်တိုင်း ဒေသ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်လုံခြုံရေးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၂၇ ရက် ည ၁၀ နာရီလောက်က အဆိုပါအိမ်ကိုသွားရောက်စစ်ဆေးခဲ့တယ်လို့ အမှတ် ၄ စစ်တိုင်းဒေသ တပ်ရင်းမှူး ဗိုလ်မှူးကြီး ပရဆန် ဟင်ပရဆစ်က သတင်းထောက်တွေကို ပြောပါတယ်။
စစ်ဆေးချက်အရ ကတ်ဖာပေါင်း ၂၈ ဖာထဲထည့်ထားတဲ့ တရုတ်နိုင်ငံလုပ် Mask ၇ သောင်းလောက်ကို တွေ့ရှိရပြီး၊ အခွန်ရှောင်ပစ္စည်း ဒါမှမဟုတ် တရားမဝင် ဝင်ရောက်လာတဲ့ ပစ္စည်းတွေ ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအရှိန်မြင့်နေ တာ ကြောင့် မဲဆောင်တဘက်ကမ်း မြဝတီကနေတဆင့် မြန်မာပြည်အတွင်းပိုင်းဘက် ဖြန့်ဖြူးမယ်လို့ ယူဆရကြောင်း ဗိုလ်မှူးကြီး ပရဆန် ဟင်ပရဆစ်က ပြောပါတယ်။
ပစ္စည်းပိုင်ရှင်ကိုတော့ မတွေ့ရတဲ့အတွက် မဲဆောက်မြို့နယ်အကောက်ခွန်ဌာနနဲ့ ဆက်သွယ် ဆောင်ရွက်နေပြီး ပြစ်မှုထင်ရှားပါက ထိုင်းနိုင်ငံအကောက်ခွန်ဥပဒေ ပုဒ်မ ၁၆၇ နဲ့ အမှုဖွင့်အရေး ယူသွားမယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။
ကိုးကား- Banmuang/ Matichon
ကိုးကား - https://www.banmuang.co.th/news/region/207406