Home
မြန်မာသတင်း
မြစ်ကြီးနား၌ လူဦးရေ ၁၀၀၀ ကျော်ရေဘေးသင့်၊ ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်
DVB
·
September 28, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်နားရောက်ရှိနေပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ လူနေအိမ်တွေရေနစ်မြုပ်ခဲ့တဲ့အတွက် စက်တင်ဘာ ၂၇ ရက်က ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်လှစ်ခဲ့ရပါတယ်။  မြစ်ရေကြီးတဲ့အတွက် ယာယီကယ်ဆယ်ရေးစခန်းတွေကို ခေတ္တပြောင်းရွှေ့​နေထိုင်ရတဲ့ အိမ်ထောင်စုပေါင်း ၂၆၃ စု လူဦးရေ ၁၀၇၂ ယောက်ရှိတယ်လို့  မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စက်တင်ဘာ ၂၇ ရက် ညမှာ ၁၁၀၄ စင်တီမီတာ အထိ အမြင့်ဆုံးတက်ခဲ့ပြီး ၂၈ ရက် နေ့လည်မှာတော့ ၉၉၃ စင်တီမီတာအထိ ပြန်လည်ကျဆင်း နေပြီလို့ ကချင်ပြည်နယ်မိုးဇလဌာနကသတင်းထုတ်ပြန်ပါတယ်။ အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာ၊ ပြည်နယ်ကြံ့ခိုင်ရေးရုံး ၊ ရပ်ကွက်အတွင်းက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ အမကကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး ရေဘေးသင့်ဒေသခံတွေ သွားရောက်ခိုလှုံနေကြပါတယ်။ မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၂၆ ရက်မနက်စပြီး မိုးအဆက်မပြတ်ရွာသွန်းကာ ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်လာတာဖြစ်ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ ရမ်ပူနဲ့ မြို့သစ်ကြီးရပ်ကွက်က နေအိမ်တချို့ ရေဝင်ရောက်လာပြီး  စက်တင်ဘာ ၂၇ ညပိုင်းမှာ ရေပြန်ကြသွားတယ်လို့သိရပါတယ်။ အမှတ် ၄ နယ်မြေမှူးက "ရေတက်တုန်းက အိမ်ထဲအထိရေရောက်တယ်။  လူတွေ အိမ်ပေါ်ထပ် တက်နေရတယ်။ ည ၈ နာရီလောက်က စပြီး တဖြည်းဖြည်းနဲ့ ရေကတော့ ကျ သွားတယ်”လို့ ပြောပါတယ်။ မြို့သစ်ကြီးရပ်ကွက်မှာတော့ စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက အုပ်ချုပ်ရေးမှူးရုံး အပါအဝင် မြေနိမ့်ပိုင်းမှာဆောက်လုပ်ထားတဲ့ အိမ်တွေထဲရေဝင်လာပြီး အိမ်ထောင်စု ၉၇ စု နဲ့ လူဦးရေ ၄၂၄ ဦးတို့ဟာ နီးစပ်ရာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာနဲ့ ပြည်နယ်ရုံးတွေမှာ ယာယီခိုလှုံခဲ့ကြရပါတယ်။ ယာယီရွှေ့ပြောင်း လာတဲ့ ရေဘေးသင့် မိသားစုတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က သောက်သုံးရေ၊ စားရိက္ခာ၊  mask တွေပေးအပ်ခဲ့သလို လူတစ်ဦးလျှင် ကျပ် ၂၁၀၀ကျပ်နှုန်းနဲ့  ၇ရက်စာ ဝေငှပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ သတင်း- မီးမီး/ ထူးထူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024