Homeမြန်မာသတင်း
တရုတ်နိုင်ငံသို့ ကုန်ပို့သည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေး ထောက်ခံစာ လိုအပ်နေ
တရုတ်နိုင်ငံသို့ ကုန်ပို့သည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေး ထောက်ခံစာ လိုအပ်နေ
DVB
·
September 28, 2020
ကိုးကန့်ဒေသ၊ ကွမ်လုံ၊ချင်းရွှေဟော်မြို့တွင်းကနေ ဖြတ်သန်းမောင်းနှင်ရတဲ့ ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအတွက် ကျန်းမာရေးထောက်ခံစာ စီစဉ်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ နိုင်ငံငါးရှဉ့်လုပ်ငန်းရှင်များအသင်းက တောင်းဆိုပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရထံကို စက်တင်ဘာ ၂၇ ရက်စွဲနဲ့ စာပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
တရုတ်ပြည်ကို ကုန်ပို့ဆောင်ကြမယ့် ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေမှာ ကျန်းမာရေးထောက်ခံစာ မပါတဲ့အတွက် ကွမ်လုံမြို့နယ်မှာ ရွာသားတွေက လမ်းပိတ်ဆို့တားဆီးတာ၊ ချင်းရွှေဟော်မြို့ကို ဖြတ်သန်းမောင်းနှင်ခွင့်မပြုဘဲ ကန့်ကွက်တာတွေ ရှိနေတဲ့အတွက် အခုလို တောင်းဆိုတာလို့ မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များ အသင်း မန္တလေးတိုင်းရဲ့ အတွင်းရေးမှူး ဦးတိုင်းကျော်က ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ကွမ်လုံမြို့နယ်မှာ တရုတ်နိုင်ငံသို့ဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းနေတဲ့ ယာဉ်တွေ စံပြရွာကနေ ဖောင်ဆိပ်ထိ တန်းစီနေကြတာ ကားအစီး ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ချင်းရွှေဟော်မြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးကြည်တာက “လက်ရှိ ကျနော်တို့ ကိုဗစ်ကင်းစင်နယ်မြေဖြစ်ပြီး မန္တလေး၊ ရန်ကုန်လို ကိုဗစ်ဖြစ်နေတဲ့ဒေသကနေ ကားတွေကလာ နေကြတော့ ဒေသခံတွေက စိုးရိမ်ကြတယ်” လို့ ပြောပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ထုတ်ပြန်ထားတဲ့ လူတွေနဲ့ ကုန်ကားတွေ အဝင်အထွက်မရှိရေး ကြေညာချက်ကို ဒီနေ့အထိ မရုပ်သိမ်းသေးဘဲ ကိုဗစ်ကာကွယ်တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ကြောင့်သာ ဖွင့်ပေးခဲ့တာလို့ သိရပါတယ်။
သတင်း- နန်းစပယ်