Homeမြန်မာသတင်း
အဖွဲ့အစည်း ၂၉ ဖွဲ့ကို ကိုဗစ်ကာကွယ်ရေးပစ္စည်း သိန်း ၄၀၀၀ ကျော်ဖိုး ထောက်ပံ့ထားဟု တပ်မတော်ပြော
အဖွဲ့အစည်း ၂၉ ဖွဲ့ကို ကိုဗစ်ကာကွယ်ရေးပစ္စည်း သိန်း ၄၀၀၀ ကျော်ဖိုး ထောက်ပံ့ထားဟု တပ်မတော်ပြော
DVB
·
September 26, 2020
တပ်မတော်အနေနဲ့ ကိုဗစ်ကာလအတွင်း တိုင်းရင်းသားအဖွဲ့အစည်း စုစုပေါင်း ၂၉ ဖွဲ့အတွက် ကျပ်သိန်းလေးထောင်ကျော်ဖိုး လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်မှုထမ်းဟောင်းမိသားစုဝင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့သလို NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းတွေ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “EAOs အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့နယ်မြေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်းထောက်ပံ့မှုကို မေလကစပြီး ယခုတိုင်ဆောင်ရွက်ခဲ့ရာမှာ အဖွဲ့ပေါင်း ၂၉ ဖွဲ့အတွက် ငွေကျပ် လေးထောင့်သုံးရာငါးဆယ့်တစ်သိန်းကျော် ဆောင်ရွက်ခဲ့ပါတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် တပ်မတော်အနေနဲ့ ကွာရန်တင်းစင်တာတွေကို အခုနှစ်မတ်လအတွင်းထဲက နိုင်ငံအတွင်း နေရာ ၁၆ နေရာ မှာ ဖွင့်လှစ်ထားရှိပြီး အရပ်သားလက်ခံစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့အထိ အရပ်သားစုစုပေါင်း ၆ ထောင်ကျော်ကို လက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။
“၂၅ ရက်၊ ၉ လ၊ ၂၀၂၀ ရက်နေ့အထိ အရပ်သား ခြောက်ထောင့်ငါးရာတစ်ဆယ့်ခုနှစ်ဦးကို ကျနော်တို့ လက်ခံပြီးဖြစ်ပါတယ်။ စားသောက်နေထိုင်ရေးကို တပ်မတော်က ကျပ်သိန်း နှစ်ထောင့်ခြောက်ရာကျော်အကုန်အကျခံပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီကုန်ကျငွေတွေကို အရာရှိကြီးအဆင့်တွေရဲ့ နှစ်လစာ လှူဒါန်းမှုတွေ၊ အခြားအဆင့် စစ်သည်တွေရဲ့ တစ်ရက်စာ လှူဒါန်းမှုတွေနဲ့ အရပ်ဘက်အလှူရှင်တွေရဲ့လှူဒါန်းငွေတွေ၊မြန်မာ့ စီးပွားရေးဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့က အမြတ်ငွေတွေကနေ သုံးစွဲနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါရှာဖွေရေးနဲ့ပတ်သက်ပြီး မေလ ၂၆ ရက်က စတင်ကာ ရန်ကုန်နဲ့ နေပြည်တော်ရှိ တပ်မတော်ဆေးရုံတွေမှာ အရပ်သား ၁၉,၀၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးနိုင်ခဲ့ပြီး ပိုးတွေ့လူနာ ၂၅၃ ဦး တွေ့ရှိခဲ့ရတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)၊ ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး