မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်တိုး၊ ရန်ကုန်ပြန် ၂ ဦး ပါဝင်
DVB
·
September 26, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉အတည်ပြုလူနာ ၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ကျိုက်ထိုမြို့နယ်က ၂ ဦး၊ ဘီးလင်းမြို့နယ် ၂ ဦးနဲ့ မုဒုံမြို့နယ် ၁ ဦး စုစုပေါင်း ၅ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေဟာ သက်ဆိုင်ရာမြို့နယ်တွေက quarantine camp တွေမှာ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။ အဲဒီအတည်ပြု လူနာ ၅ ဦးမှာ ၂ ဦးကတော့ ရန်ကုန်ပြန်လာသူတွေ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသမှု ပေးနေပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက DVB ကို ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အခုအခါ စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၂၂ ဦးအထိ ရှိလာခဲ့တာပါ။