ရန်ကုန်ရှိ ကမ္ဘောဇဘဏ်ခွဲ ၅၀ ကျော် ယာယီပိတ်
DVB
·
September 26, 2020
ရန်ကုန်မှာရှိနေတဲ့ ဘဏ်ခွဲ ၅၀ ကျော်ကို ယာယီပိတ်ထားမယ်လို့ ကမ္ဘောဇဘဏ်က ကြေညာပါတယ်။
ကိုဗစ်-၁၉ ကူးစက်တာအရှိန်မြင့်နေလို့ လျှော့ချဖို့ ရည်ရွယ်ပြီး လာမယ့် စက်တင်ဘာ ၂၉ ရက်ကစပြီး ဘဏ်ခွဲ ၅၁ ခုကို ပိတ်ထားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာ ကမ္ဘောဇဘဏ်ခွဲ ၁၅၀ လောက်ရှိတာကြောင့် ဘဏ်ခွဲ ၉၂ ခုကတော့ ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်တဲ့ မနက် ၉ နာရီခွဲကနေ နေ့လယ် ၃ နာရီအချိန်အထိ ဖွင့်ထားမှာ ဖြစ်ပါတယ်။
အဲဒီဘဏ်ခွဲတွေမှာ ပိတ်ထားတဲ့ ဘဏ်တွေက ဝန်ထမ်းတွေကို အလှည့်ကျစနစ်နဲ့ တာဝန်ချိန်ခွဲပြီး အလုပ်လုပ်စေမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံထဲက တခြား ကမ္ဘောဇဘဏ်ခွဲတွေအားလုံးမှာတော့ ပုံမှန်ဘဏ်လုပ်ငန်း အချိန်အတိုင်း ဆက်လက်ဝန်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
ဝန်ဆောင်မှုယာယီရပ်ဆိုင်းထားတဲ့ ဘဏ်တွေနဲ့ ဆက်လက်ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကို ကမ္ဘောဇဘဏ် website မှာ ဝင်ကြည့်နိုင်ပါတယ်။