Home
မြန်မာသတင်း
အင်းစိန်ရွာမစာသင်တိုက်က ကိုဗစ်-၁၉ ပိုးတွေ့ သံဃာ ၇၅ ပါးကို တပ်မတော်က ဆေးကုပေးနေ  
ဇေယျာချမ်းအေး
·
September 24, 2020
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ သံဃာတော်တွေကို  မှော်ဘီတပ်မတော်ဆေးဘက်ဆိုင်ရာသင်တန်းကျောင်းမှာ ဆေးကုသမှုပေးနေတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ အင်းစိန်ရွာမပရိယတ္တိစာ သင်တိုက်က သံဃာတော်  ၇၅ ပါးမှာ ကိုဗစ်- ၁၉ ပိုးတွေ့ရှိကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။ အင်းစိန်ရွာမစာသင်တိုက်ကို ဒီနေ့မနက်ပိုင်းက မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေ သွားရောက်ခဲ့ပေမယ့် ကျောင်းတိုက်ကို ပိတ်ထားပြီး တပ်မတော်က တာဝန်ယူစောင့်ရှောက်နေတာတွေ့ရတယ်လို့ အင်းစိန်မြို့နယ်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။ “ဆရာတော်တွေက ကျောင်းကို ပိတ်ထားတယ်။ အဝင်အထွက်လုံးဝမလုပ်ပါဘူး။ ကျနော်တို့ကိုလည်းပေး မဝင်ပါဘူး။ သူတို့ပြောတာကတော့ တပ်မတော်ဘက်ပဲ ကူညီပေးနေတယ်လို့ပြောတယ်။ သူတို့ ကျန်းမာရေးအတွက် ကျောင်းကိုပိတ်ထားတာတော့ အမှန်ပါပဲဗျ”  ကျန်းမာရေးဌာနရဲ့ ဒီကနေ့ ညနေထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေအထဲမှာ အင်းစိန်မြို့နယ် တစ်မြို့နယ်တည်းက   ပိုးတွေ့သူအတည်ပြု လူနာ ၈၈ ဦးအထိရှိခဲ့တာပါ။ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းအထိ စာရင်းတွေအရ အင်းစိန်မြို့နယ်မှာ ကိုဗစ်-၁၉ လူနာစုစုပေါင်း  ၂၆၄ ဦးအထိရှိလာပြီလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်က  ပြောပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024