Home
မြန်မာသတင်း
ကျောက်မျက်ရောင်းချပွဲမှ ယူရို ၂ ဘီလီယံနီးပါး ရရှိ
DVB
·
July 3, 2013
နေပြည်တော်မှာ အကြိမ် ၅၀ မြောက်ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာရောင်းချပွဲမှ နိုင်ငံခြားဝင်ငွေ ယူရို ၂ ဘီလီယံနီးပါးရောင်းချနိုင်ခဲ့တယ်လို့  မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။ “၂ ဘီလီယံလောက် ရောင်းရတယ်။ ပုလဲအကုန်ရောင်းရတယ်၊ ကျောက်မျက်၊ ကျောက်စိမ်းဆို ရာနှုန်းပြည့်ရောင်းရတယ်။” အစိုးရသစ်လက်ထက်မှာ တရုတ်အစိုးရက ကျောက်မျက်တင်သွင်းမှုအပေါ် အခွန်နှုန်းထား ပြောင်းလဲလိုက်တဲ့အတွက် တရုတ်ကျောက်ကုန်သည်တွေက အခုကျောက်မျက်ပွဲမှာ ၅၀ ရာခိုင်နှုန်းလောက်သာ ၀ယ်ယူမှုရှိတယ်လို့ ပြောပါတယ်။ “၄၀-၅၀ ရာနှုန်းလောက်ပဲ ယူသွားတယ်။ ကျန်တာ ၀ယ်တော့ဝယ်ဖြစ်တယ်။ လာမ၀ယ်တဲ့အတွက် တချို့ကျောက်တွေ ဒီအတိုင်းကျန်တယ်။ အရှုံးတော့မပေါ်ပါဘူး။ ကိုယ့်ကျောက်က ကိုယ့်လက်ထဲမှာ ရှိတာပါပဲ။” အခုပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရောင်းချပွဲက အောင်မြင်တာကြောင့် နောက်ပိုင်းကာလတွေမှာ တရုတ်ကျောက်ကုန်သည်တွေအပြင် အနောက်နိုင်ငံက ကျောက်ကုန်သည်တွေလည်း ပိုမိုဝင်ရောက်လာမယ်လို့ မျှော်လင့်ကြောင်း ဦးဝင်းထိန်က ပြောပါတယ်။ “မီဒီယာတွေရော နိုင်ငံခြားသားတွေရော အများကြီးလာကြ၊ လေ့လာကြတယ်၊ ကျောက်မျက်ပွဲက အောင်မြင်ပါတယ်။ ၀င်လေ့လာတဲ့အခါ ငွေ ၆ သောင်းပေးရတာတွေ ရှိပေမယ့် နောက် အဆင်ပြေသွားမှာပါ။ အနောက်နိုင်ငံသားတွေလည်း လုပ်ငန်းရှင်တွေ၊ သံရုံးကလူတွေနဲ့ ခရီးသွားတွေ လာလေ့လာကြလို့ နောက်ဆို တရုတ်နိုင်ငံတခုထဲမဟုတ်ဘဲ အနောက်နိုင်ငံတွေပါ ပါလာမယ်လို့ မျှော်လင့်တယ်။” ဒါ့အပြင် ကျောက်မျက်ပွဲမှာ အရင်ကလို ကျောက်စိမ်းအရိုင်းတုံးတွေကိုသာ ဦးစားပေး အများဆုံး ရောင်းချတာမျိုးမဟုတ်ဘဲ တန်ဖိုးမြင့် ထုတ်လုပ်ထားတာတွေကို ပိုခင်းကျင်းပြသခဲ့ပြီးတော့ ကျောက်မျက်အတွဲပေါင်း ၁၀,၀၀၀ လောက်ကို ခင်းကျင်းပြသခဲ့တယ်လို့ ဆိုပါတယ်။ အကြိမ် ၅၀ မြောက် ကျောက်မျက်ပွဲကို နေပြည်တော်မှာ ဇွန်လ ၁၅ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ပြီးတော့ ပြည်ပက ရတနာကုန်သည် ၃၉၀၀ ကျော်နှင့် ပြည်တွင်းရတနာကုန်သည် ၄၇၀၀ ကျော်တို့ တက်ရောက်ခဲ့မှုရှိလို့ ဒါက အများဆုံးတက်ရောက်ခဲ့တဲ့ ပွဲဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024