နွားထိုးကြီးမြို့၌ ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံး တွေ့ရှိ
DVB
·
September 24, 2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ထန်းခွ(တောင်) ရွာမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁ ဦး ပထမဆုံး တွေ့ရှိခဲ့တယ်လို့ စက်တင်ဘာ ၂၃ ရက်နေ့ည ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုးတွေ့လူနာမှာ မိသားစုဝင်တဦး ကျန်းမာရေးမကောင်းတာကြောင့် ရန်ကုန်ကို ဆေးသွားကုပြီးနောက် တက္ကစီငှားပြီး ထန်းခွတောင်ရွာက နေအိမ်ကို စက်တင်ဘာ ဒုတိယပတ်က ပြန်ရောက်လာတာလို့ သိရပါတယ်။
ရွာကအိမ်မှာပဲ Home Quarantine နေထိုင်ပြီး စက်တင်ဘာ ၂၂ ရက်က swab ယူစစ်ဆေးခဲ့ရာက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ထွေ/အုပ်ရုံးကသိရပါတယ်။
အသက် ၇၀ အရွယ် ပိုးတွေ့လူနာ အမျိုးသမီးကို နွားထိုးကြီးဆေးရုံ သီးသန့်ကုသဆောင်မှာ သူနာပြုနှစ်ယောက်၊ လက်ထောက်ဆရာဝန် တစ်ယောက်နဲ့ ထားရှိ ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။
ပိုးတွေ့လူနာနဲ့အတူနေ မိသားစုဝင် ၃ ဦးနဲ့ သူနာပြု ၁ ဦး၊ ပိုးတွေ့လူနာကို ဆေးရုံခေါ်ဆောင်စဉ် ကူညီလုပ်ကိုင်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်း ၃ ဦးတို့ကိုလည်း ဆေးရုံ ဝန်ထမ်းအိမ်ရာ ၄ ထပ်ဆောင်သစ်မှာ Facility Quarantine ထားရှိပြီး မနက်ဖြန် ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ပြောပါတယ်။
မြင်းခြံခရိုင်ရှိ ၄ မြို့နယ်လုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာရှိလာပြီး မြင်းခြံမြို့နယ်က ပိုးတွေ့လူနာ ၅၆ ယောက်၊ ငါန်းဇွန်မြို့နယ်က ၁ ယောက်၊ တောင်သာမြို့နယ်က ၄ ယောက်နဲ့ နွားထိုးကြီးက ၁ ယောက်တို့ ဖြစ်ပါတယ်။
သတင်း-ဇာဇာမောင်(CJ)