Home
ဆောင်းပါး
သခင်သန်းထွန်း၏ ပထမဆုံးနေ့များ
မောင်တူး
·
September 24, 2020
 သုပဏ္ဏက၊ ကလောင်ရသူ ကွန်မြူနစ်ပါတီ၊ ဗမာပြည်မှ ဥက္ကဋ္ဌပင်၊ သခင်သန်းထွန်း  မြတ်မော်ကွန်းမှာ၊ ရင်နာဖွယ်ရာ စက်တင်ဘာ၌၊ မြရာတောကြား  မှေးစက်သွားခဲ့၊ ငါးဆယ့်နှစ်နှစ် ကြာလေပြီ။ ။ သခင်သန်းထွန်းကို ၁၉၁၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်က ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကညွတ်ကွင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲကို အတူ ဦးဆောင်ခဲ့သူ ဖြစ်သလို မယားညီအစ်ကို တော်သူလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေးသမိုင်းဝင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ၊ ဒို့ဗမာအစည်းအရုံးဝင်၊ သမိုင်းဝင် နဂါးနီစာအုပ်အသင်း တည်ထောင်သူ၊ ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။  ၁၉၄၅ ခုနှစ်၊ ဇူလိုင်လမှာ သခင်သန်းထွန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လွတ်လပ်ရေးရအပြီး ၁၉၄၈ ခုနှစ် မတ်လမှာ ကွန်မြူနစ်ပါတီကို ဦးဆောင် တောခိုသွားခဲ့ပြီး မြန်မာနှစ် ၁၃၃၀ ပြည့် သီတင်းကျွတ်လဆန်း ၃ ရက်နေ့ (ခရစ်နှစ် ၁၉၆၈ စက်တင်ဘာ ၂၄ ရက်) မှာ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြရာပင်တောကျောမှာ ကျဆုံးသွားခဲ့တာပါ။ သူဟာ အင်္ဂလိပ်- မြန်မာ ၂ ဘာသာ စာရေးကောင်းပြီး (သုပဏ္ဏက) (ကမ္ဘာလှည့်မောင်တင်မောင်)စတဲ့ ကလောင်နာမည်တွေနဲ့ (ကြီးပွားရေး၊ နဂါးနီဂျာနယ်၊ မြန်မာ့အလင်းသတင်းစာတို့မှာ) ဆောင်းပါးတွေ၊ ဘာသာပြန်တွေ ရေးခဲ့သူပါ။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံနာမည်နဲ့ ကွန်မြူနစ်ဂျာနယ်ကို လျှို့ဝှက်ထုတ်ခဲ့ပါသေးတယ်။ သခင်သန်းထွန်း၏ ပထမဆုံးနေ့များ သခင်သန်းထွန်းအကြောင်း ရေးဖြစ်တာက အချက် ၂ ချက်ကြောင့်ပါ။ တချက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၂၀ ဩဂုတ် ၁၉ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားကြဖို့ ပြောတာ။ ဒီအကြောင်း ဩဂုတ် ၂၀ မှာ ဆောင်းပါးရေးရင်း ‘’ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းတာ “ ဆိုတဲ့စကားကို လိုက်ရှာရာက ဒီစကားကို သခင်သန်းထွန်း နောက်ဆုံးနေ့များ စာအုပ်မှာတွေ့ပါတယ်။ အဲ့သည့်နောက်  သခင်သန်းထွန်းအကြောင်း ရေးချင်လာတယ်။ သခင်သန်းထွန်းနဲ့ ရင်းနှီးပြီး တအိမ်ထဲ နေခဲ့ဖူးတဲ့ သတင်းစာဆရာကြီးတယောက်ကလည်း အစိုးရက နောက်ဆုံးနေ့များ ရေးရင် သူက သခင်သန်းထွန်းရဲ့ ပထမဆုံးနေ့များကို ရေးလိုကြောင်း ပြောဖူးတာကို ရှာတွေ့ပြန်ပါတယ်။ ဒါ့ကြောင့် သခင်သန်းထွန်းရဲ့ ပထမဆုံးနေ့တွေကို ရှာကြည့်မိတယ်။ နောက်တခုက စာတွေရေးချင်တော့ စာရေးဆရာကြီးတွေရဲ့ မွေးနေ့တွေ၊ ကွယ်လွန်တဲ့နေ့တွေကို လိုက်ရှာတယ်။ သမိုင်းပညာရှင် စာရေးဆရာကြီး ဦးအောင် အကြောင်းရေးဖြစ်တယ်။ စာရေးဆရာကြီးတိုက်စိုး အသက် ၁၀၀ ပြည့် စက်တင်ဘာ ၂၀ ကို ရေးဖြစ်တယ်။ တဆက်တည်း သခင်သန်းထွန်းက ၁၉၁၁ ခုနှစ် ဩဂုတ်လ ၁၅ ရက် မွေးသူဆိုတာ တွေ့တယ်။ ၂၀၁၁ ခုနှစ် က သူ့ရာပြည့်ပွဲ ဖြစ်ခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင် အခု စက်တင်ဘာ ၂၄ က သူကျဆုံးတဲ့ ၅၂ နှစ်ပြည့်။ ဒါ့ကြောင့် သခင်သန်းထွန်းရဲ့ ပထမဆုံးနေ့တွေကို ထပ်ရှာကြည့်မိတယ်။    ရိုးမ ချစ်သူ ( ၁ ) “ ကြေကွဲမှုအား အင်အားအဖြစ် ပြောင်းလဲ ပစ်ကြ” ထားရစ် တရား မမေ့ငြားလည်း တားဆီးမရ  မျက်ရည်စနဲ့ ရိုးမ တောင်ညို  ရိုးမ ငိုပြီ။ *   မြရာတောလည်း ရှိုက်မော ပင့်သက်  မျက်ရည်စက်နဲ့ ပွေ့ဖက်နမ်းရှုံ့ ခေါင်းကို ငုံ့ကာ  ဦးညွှတ်ရှာပြီ။ *   ရိုးမရပ်ဖွား   ရိုးမသားကို ရိုးမကြိုရှာ  ကြေကွဲစွာဖြင့်။ *  သခင်သန်းထွန်း – တဲ့ မော်ကွန်းအစဉ်  ကမ္ပည်းတင်ရစ် ရိုးမချစ်သူ လူထုခေါင်းဆောင် အာဇာနည်။  ( ၂ ) *   ကျောက်တိုင်ထူစိုက် ပန်းခြံစိုက်ပြီး ကမ္ဗည်းမဆင် စာမတင်လဲ ဝမ်းနည်းလိမ့်မည် မဟုတ်ပါ ။ *  ရိုးမတောင်သည်  အာဇာနည်ရဲ့ တကယ့်ကျောက်တိုင်  မော်ကွန်းတိုင်ပေါ့ မယိုင်မပျက် ထာဝစဉ်။ *  ရိုးမတကြော ရိုးမတောသည် အာဇာနည်ရဲ့ တကယ့်ပန်းခြံ ဥယျာဉ်မှန်ပေါ့ ရှင်သန်ဖူးပွင့် ပန်းဟေဝန်။ *  ရိုးမ တောင်တော မပျောက်ကောသမျှ ထာဝရအနီ အာဇာနည်အတွက် မပျက်စိမ်းမြ ရိုးမကျောက်တိုင် မော်ကွန်းတိုင်သည် ခိုင်ခိုင်မတ်မတ် မြေမှာရပ်လျက်။  *  မပြတ် စိမ့်စမ်း ရိုးမပန်းခြံ ဥယျာဉ်မှန်သည် ရာသီဆယ့်နှစ်လ မပြတ်ရစေ ဖူးပွင့်စေလျက် မပျက်နေ့စဉ် ပန်းစုံဆင်သ ပန်းခွေချဆဲ။      ။ (ဥက္ကဋ္ဌကြီး သခင်သန်းထွန်းသို့ ဦးညွှတ်အလေးပြုလျက်) ဝင်းတင့်ထွန်း ၂၄ စက်တင်ဘာ ၁၉၇၇ ကမ္ဘာ့ ဆိုရှယ်လစ် အဘိဓာန် စာအုပ်ကြီးထဲမှာ ဖော်ပြထားတဲ့ “သခင်သန်းထွန်း” အကြောင်း သခင်သန်းထွန်း(၁၉၁၁-၁၉၆၈)             ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ် (၁၉၅၀-၁၉၆၈) က ထမ်းဆောင်ခဲ့တယ်။ အောက်ဗမာပြည် တောင်ငူခရိုင်၊ ကညွတ်ကွင်း ဇာတိဖြစ်ပါတယ်။ ရန်ကုန်ဆရာအတတ်သင်ကောလိပ် အောင်မြင်ပြီးနောက် ရန်ကုန်ဆင်ခြေဖုံးရှိ မွတ်ဆလင် အထက်တန်းကျောင်းမှာ ဆရာအဖြစ် လုပ်ခဲ့တယ်။ ၁၉၃၀ ခုနှစ်များမှာ အင်္ဂလိပ်ဆန့်ကျင်ရေး ဝံသာနုအစည်းအရုံးဖြစ်တဲ့ တို့ဗမာအစည်းအရုံး(သခင်ပါတီ) ထဲကို ဝင်ရောက်ပြီး လယ်သမားသမဂ္ဂ လုပ်ငန်းကို တာဝန်ယူပါတယ်။  ၁၉၃၇ ခုနှစ်မှာ နဂါးနီစာအုပ်အသင်းကို ထူထောင်ပြီး တိုးတက်တဲ့စာအုပ်များကို ဘာသာပြန်ပုံနှိပ်ထုတ်ဝေပါတယ်။  ၁၉၃၉ ခု ၊ သြဂုတ်လ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့တဲ့အတွက် ဖမ်းဆီးထောင်ချ ခံရပါတယ်။  ၁၉၄၂ ခုနှစ်၊ ဗမာပြည်ကို ဂျပန်တပ်တွေ စတင်ဝင်ရောက်လာတဲ့အခါ ဖမ်းဆီးထားရာမှ ပြန်လွတ်လာခဲ့တယ်။  ၁၉၄၂ ခုနှစ်မှ ၁၉၄၄ ခုနှစ်အထိ ဂျပန်လက်အောက် ဒေါက်တာ ဗမော်အစိုးရ ဝန်ကြီးအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ရင်းနဲ့ သခင်အောင်ဆန်း၊ သခင်စိုး စသူတို့နဲ့အတူ ဂျပန်ခုခံဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲအတွက် လျှို့ဝှက်ပြင်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။  ၁၉၄၄ ခု၊ သြဂုတ်လ (၈) ရက် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး မဟာမိတ်အဖွဲ့ကို ထူထောင်ပြီး အတွင်းရေးမှူး တာဝန်ယူပါတယ်။  ၁၉၄၅ ခု၊ ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်အဖြစ် အရွေးခံရပါတယ်။  ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုအောက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ ပါတီရဲ့ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပါတယ်။ (၁၉၅၀) ခုနှစ်မှာ ဥက္ကဋ္ဌလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ )  ၁၉၄၈ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့မှာ တပါတီလုံးကို ခေါင်းဆောင်ပြီး မရှောင်မလွဲသာတောခိုကာ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့တယ်။ အဲဒီနှစ်မှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(၁၉၅၀ ခုနှစ်မှာ ပြည်သူ့တပ်မတော်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။) ရဲ့ စစ်ဦးစီးချုပ်(၁၉၅၀ ခုမှာ သေနာပတိချုပ်လို့ ပြောင်းလဲခေါ်ဝေါ် ခဲ့တယ်။) တာဝန်ကို ထမ်းဆောင်ပါတယ်။  ၁၉၆၈ စက်တင်ဘာလ ၂၄ ရန်ကုန်မြောက်ဘက် ပဲခူးရိုးမ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုအခြေခံစခန်းမှာ လုပ်ကြံ ခံခဲ့ရတယ်။   သခင်သန်းထွန်း၏ စာပေလက်ရာများ သခင်ဗဟိန်းရေး ဓနရှင်လောက စာအုပ်ကို သခင်သန်းထွန်း တည်းဖြတ်ပြီး အမှာစာလည်း ရေးတယ်၊ ဒီအမှာစာ အစအပိုဒ် ဖော်ပြပေးလိုက်တယ်။ သူ့စာရေးဟန်ကို နှောင်းသူများ သိစေဖို့ မူရင်း သတ်ပုံနဲ့ပါ။    သခင်သန်းထွန်း၏ အမှာစာ  အမှာ ရေးခိုင်းထားသည်ကား ရက်အတော် ကြာခဲ့ပြီ . . . ။ အလုပ်တခုကို လုပ်ပေးပါဟု တဦးတယောက်က ခိုင်းလျှင် ပထမဦးဆုံး ခေါင်းထဲတွင် ပေါ်လာသော မေးခွန်းကား လုပ်ချင်သလား မလုပ်ချင်သလားပင်ဖြစ်၏။ မလုပ်ချင်သော အလုပ်များမှာ မကြာခင် ပြီးတတ်ပြီး လုပ်ရန် တကယ်စေတနာရှိသော အလုပ်မျိုးကား တနေ့ရွှေ့ တနေ့ရွှေ့နှင့် ဖင့်နွှဲနေ တတ်၏။ စင်စစ်အားဖြင့် ပျင်း၍လည်းမဟုတ်၊ အလုပ်မအား၍လည်းမဟုတ်၊ စေတနာ ထက်သန်လွန်း၍ အကောင်းဆုံး ဖြစ်စေချင် သောဆန္ဒဖြင့် ဘယ်ကစပြီး ဘယ်လိုလုပ်ရမည်ကို တွေးလို့မရနိုင်အောင် ဖြစ်လို့သာဖြစ်၏။ ကိုဗဟိန်း ရေးခိုင်းသည့် နေ့ကပင် ဗလာစာအုပ် အလွတ်တအုပ်ကိုယူကာ ကျကျနန ပြင်ဆင်ခဲ့၏။ ကိုဗဟိန်း ရေးထားသည့် ဖိုင်တွဲကြီးကို ရှေ့တွင်ချ၏။ တည်းဖြဋ်ရန်အတွက် ဖိုင်တွဲကြီးကို ကိုင်လိုက်တိုင်း အနှစ် ခြောက်ထောင် ခရီးဟူသော ခေါင်းစဉ် မြင်လိုက်ရာ ထိုခေါင်းစဉ်ကို မြင်တိုင်း ရင်ထဲ မောမောသွား၏။ အနှစ် ခြောက်ထောင်က စလာသော ထိုစာအုပ်ကို ဘယ့်နှယ်လုပ် တည်းဖြတ်မယ်၊ ဘယ့်နှယ်လုပ် အမှာရေးမယ်ဟု စဉ်းစား၍မရ ခေါင်းရှုပ်နေပေ၏။  တွေ့တိုင်း တောင်း၏။ တောင်းတိုင်း ရက်ချိန်း ပေးခဲ့၏။ စာအုပ်ရိုက်ချင်သူများကလဲ လော၍လာကြလေပြီ။ ကိုဗဟိန်းလည်း စိတ်ပျက်လာဟန် တူ၏။ ပေါ်မလာတော့။ တနေ့သော် ကိုလှ (သံလျှင် ကျောင်းသားသမဂ္ဂအသင်း ဥက္ကဋ္ဌနှင့်အတူ ပေါက်လာ၏။ တရုတ်တန်းသို့ သွားကြပြီး ….. ခေါက်ဆွဲစားကြ၏။ အိမ်သို့လိုက်ပို့ရာ အဆင်းတွင် ခင်ဗျားအမှာ ရေးရမှာက ခင်ဗျားအကြောင်း ရေးရမှာလား။ စာအုပ် အကြောင်း ရေးရမှာလားဟု မေးရာ …. စာအုပ်အကြောင်း ရေးရမှာပေါ့ မရေးချင်လဲ နေတော့ဗျာဟု နွဲ့ဆိုးသံနှင့် ပြန်ပြော၏။ ခင်ဗျားက ကလေးဆိုးနဲ့ တယ်တူတာပဲဟု ပြောပြီး ထွက်သွား၏။ ကျွန်တော့်မှာ အသက် ၂၀ ကျော်မျှ ရှိသေးသော်လည်း သားဆိုးကဲ့သို့လည်းကောင်း၊ ကလေးဆိုးကဲ့သို့လည်းကောင်း သဘောထားသူ သက်တူရွယ်တူ လေးငါးခြောက်ယောက်ရှိ၏။ သူတို့ကိုမူ ပုဂ္ဂိုလ်ခွဲ၍ ခင်မင်၏။ ပုဂ္ဂိုလ် ခွဲခြင်းသည် မိစ္ဆာဒိဌိ တမျိုးဖြစ်၏။ သခင်များ၏ ဓမ္မဓိဌာန်ဝါဒနှင့်လည်း ဆန့်ကျင်၏။ နုနယ်သေးသော လူသားဖြစ်၍လည်းကောင်း၊ (ဝါ) ရင့်သန် သော သခင် မဟုတ်သေး ဟူ၍လည်းကောင်း၊ ပရမတ် သဘောဖြင့် မမြင်နိုင်သေး။ ပုဂ္ဂိုလ်ခွဲ၍ ခင်မင် ရင်းနှီးသော လူအနည်းငယ်တွင် ကိုဗဟိန်းတယောက် အပါအဝင်ပင် ဖြစ်ပေ၏။ ကိုဗဟိန်းက စိတ်ကောက်သည့် ကလေးကဲ့သို့ ပြောသည့်အခါ၌မူ မရေးပဲ မနေနိုင်တော့။ ပြီးအောင်တော့ အကောင်းဆုံး မှန်းပြီး ရေးမည်ဟု စိတ်က ပိုင်းဖြတ်လိုက်၏။  သခင်သန်းထွန်း၏ ကမ္ဘာလှည့်မောင်တင်မောင် ကလောင် သခင်သန်းထွန်းဟာ ပျဉ်းမနားမြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းက ၁၉၃၁ ခုနှစ် ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ ဆရာဖြစ်သင်ကောလိပ် တက်ပါတယ်။ နောက်တော့ ရန်ကုန်မြို့၊ ကန်တော်လေးရှိ ဘားမားမွတ်စလင် အထက်တန်းကျောင်းမှာ ကျောင်းဆရာလုပ်တယ်။ ဆရာလုပ်ရင်း နဂါးနီစာစောင်နဲ့ ကြီးပွားရေး မဂ္ဂဇင်းစတဲ့ စာနယ်ဇင်းတွေမှာ စာပေတွေ ရေးသားခဲ့တယ်။ ကမ္ဘာလှည့် မောင်တင်မောင် နာမည်နဲ့ ကြီးပွားရေး မဂ္ဂဇင်းမှာ နိုင်ငံတကာ လူငယ် လှုပ်ရှားမှုတွေအကြောင်း ရေးသားခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ သခင်သန်းထွန်းရဲ့ သုပဏ္ဏက ကလောင် သခင်သန်းထွန်းရဲ့ သုပဏ္ဏက ကလောင်နဲ့ ဆောင်းပါးတွေ မြန်မာ့အလင်း သတင်းစာမှာ ရေးခဲ့တယ်။ ဒါကို မြန်မာ့အလင်းသတင်းစာ ရာပြည့်ဆောင်းပါးမှာ အခုလို ဖော်ပြထားတယ်။ ( မြန်မာ့အလင်းသတင်းစာကြီးတွင် မျိုးချစ်ပုဂ္ဂိုလ်များဖြစ်ကြသော ဒီးဒုတ်ဦးဘချို၊ ဗန္ဓုလဦးစိန်၊ သခင်နု၊ သခင်သိန်းဖေ၊ သခင်ဗဟိန်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ ကိုသန့်(နောင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်)နှင့် ဦးအုန်း (လန်ဒန်သတင်းထောက်)တို့သည် ခေါင်းကြီးနှင့် သတင်းဆောင်းပါးများ အလှည့်ကျဝင်ရောက်ရေးသားလေရာ သတင်းစာသြဇာကြီးမားလာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး မြန်မာပြည်သို့ မကူးစက်မီ ၁၉၃၈ မှ ၁၉၄၀ အတွင်း မြန်မာ့အလင်းတွင် သခင်နုက သမိန်ဗရမ်း ကလောင်ဖြင့်လည်းကောင်း၊ သခင်သန်းထွန်းက သုပဏ္ဏက ကလောင်ဖြင့်လည်းကောင်း ဝင်ရောက်တွယ်လေရာ ထိမိသော အရေးအသားများကြောင့် သတင်းစာစောင်ရေ အမြင့်ဆုံးရောက်ရှိခဲ့သည်။ သခင်သန်းထွန်းရေးသည့် သံဃာတော်များသို့ လျှောက်ထားချက် သခင်သန်းထွန်း ဖဆပလ အတွင်းရေးမှူး တာဝန်ယူချိန် ၁၉၄၅ အောက်တိုဘာ ၁၉ (သောကြာနေ့)၁၃၀၇ ခု၊ သီတင်းကျွတ်လဆန်း (၁၃) ရက် မန္တလေးသံဃာတော်တွေကို စာရေးလျှောက်ထားချက်ကို ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။ သံဃာတော်များ နိုင်ငံရေးမလုပ်ရဟူ၍ တပည့်တော် ကြေညာချက်ထုတ်သည်ဟု အချို့ဆရာတော်များ နားပေါက်သည် ဟု သိရပါသည်။ တပည့်တော် ဤကဲ့သို့ ကြေညာစာတမ်းမျိုး ထုတ်ခဲ့ဖူးသည်ဟု အမှတ်မရပါ။ တပည့်တော်ပြောသည့် စကားအချို့ကို အကြားလွဲသူတို့က တမျိုးပြောချင်လည်း ပြောစရာရှိပါသည်။ (က) နိုင်ငံရေးတွင် ဗမာ၊ ကရင်၊ ရှမ်းတို့ ပါသည်။ ဗုဒ္ဓဘာသာ၊ မွတ်ဆလင်၊ ခရစ်ယာန်တို့ ပါသည်။ သို့ဖြစ်၍ နိုင်ငံရေးလုပ်ငန်းမှာ လူတမျိုး သို့မဟုတ် ဘာသာတမျိုးတည်း၏ လုပ်ငန်းမဟုတ်။ (ခ) လူမျိုးစုံ ဘာသာစုံ ပါဝင်သော လုပ်ငန်းတို့တွင် ဗုဒ္ဓဘာသာကိစ္စကိုချည်း ပြောလျှင် အခြားလူမျိုး၊အခြားဘာသာတို့ကို ထိခိုက်စရာရှိသည်။ (ဂ) သို့ဖြစ်၍ ဗုဒ္ဓဘာသာကိစ္စများ ဆောင်ရွက်စရာရှိလျှင် သန့်သန့်ဆောင်ရွက် သင့်ပေသည်။ လူမျိုးစုံ၊ ဘာသာစုံပါဝင်သော အဖွဲ့ သို့မဟုတ် လုပ်ငန်းအားဖြင့် ဆောင်ရွက်ရန် မသင့်။ (ဃ) သို့သော် တိုင်းပြည်ကိစ္စမှာ သံဃာတော်များ လျစ်လျူရှုမထားနိုင်သဖြင့် ဗုဒ္ဓဘာသာကိစ္စတခုတည်း သဘောမျိုး မဟုတ်ဘဲ ဒကာဒကာမအကျိုး ရည်စူး၍ တတ်စွမ်းသမျှဩဝါဒပေးသင့်သည်။ ကူညီသင့်သည်။ တပည့်တော် အယူအဆမှာ သည်အတိုင်းဖြစ်၍ ဒီအတိုင်းပြောတတ်သည်ကို အဓိပ္ပါယ်ကောက်လွဲခြင်း ဖြစ်ပါလိမ့်မည်။ တပည့်တော် နိုင်ငံရေးဟူသော စကားကို မသုံးလိုပါ။ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေးဟူသော စကားသာ သုံးလိုပါတယ်။ နိုင်ငံရေးဆိုလျှင် တဂိုဏ်းတပါတီကို အားပေးလျှင် ယခင်လွှတ်တော်နိုင်ငံရေးများကို သတိရစရာ ဖြစ်ပါသည်။ ဤကဲ့သို့ ခြေရှုပ်သော နိုင်ငံရေးများတွင်ကား သံဃာတော်များ ပါဝင်ထိုက်သည်ဟု တပည့်တော် မယူဆပါ။ ရခိုင်ပြည်တွင် ဦးပညာသီဟကိုယ်တော်သည် ဂျပန်တော်လှန်ရေးတွင် ခေါင်းဆောင်သည့် လုပ်ငန်းမျိုးကိုကား တပည့်တော် သဘောကျပါသည်။ တပည့်တော်၏ သဘောအတိုချုပ်မှာ ခြေရှုပ်သော နိုင်ငံရေးမပါပဲ သန့်ရှင်းသော နိုင်ငံရေးတွင် ပါဝင်ရန် ဖြစ်ပါသည်။ သန့်ရှင်းသော နိုင်ငံရေးလုပ်လျှင် ပြာကျနေသော တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်မည်။ စီးပွားရေးတိုးတက် မည်။ တိုင်းပြည်သာယာမည်။ သို့မှသာလျှင် ရေမြင့်မှ ကြာမြင့်စကားကဲ့သို့ သာသနာတော်လည်း သန့်ရှင်းစရာ ရှိပါသည်။ တပည့်တော် ဤမျှအကျိုးအကြောင်း လျှောက်ထားသည်မှာ ရှင်းလင်းပြီဟု ယူဆပါကြောင်း အဆုံးသတ်လျှောက်ထားပါသည် ဘုရား။ (သန်းထွန်း၊ အတွင်းရေးမှူး၊ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်)  သခင်သန်းထွန်းရဲ့ ဘာသာရေးခံယူချက်စာနဲ့ ဆရာတော် ရဟန်းတော်များသို့ ရေးသားလျှောက်ထားဟန်၊ တခြားသော နိုင်ငံရေး စာပေ ရေးသားပုံတွေနဲ့ သူ့ရဲ့ဘဝအကြောင်း တချို့ တစိတ်တဒေသ၊ သူ့အတွက် ဂုဏ်ပြုကဗျာတပုဒ်ကို ကောက်နုတ် ဖော်ပြပေးလိုက်တာပါ။  ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ    ကဗျာ ကောက်နုတ် ဖော်ပြချက် ဒီလူကြီးတွေ… ဒီလူကြီးတွေ…. သွားရေတွေ တများများ လူသားစား ကျားပါးစပ်နဲ့ အရပ်မှာ “ဗျိုး” ဟစ်ပြီး “ကွန်မြူနစ်ဆန့်ကျင်ရေး” တဲ့ အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့ လုပ်စားပေါင်းများခဲ့ပြီ။     (တင်မိုး) နှစ်နှစ်ကာကာ ၁၅၀ ကဗျာ စာအုပ် စာ - ၄၈ မှ သခင်သန်းထွန်း ကွယ်လွန်ခဲ့တာ ၅၂ နှစ် ရှိခဲ့ပြီ ဆိုပေမဲ့ သူ့အကြောင်းတွေက အခုမှ ပထမဆုံးရောက်နေတာပါ။ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ဟာ နယ်ချဲ့ကို ဆန့်ကျင်၊ ဖက်ဆစ်ကို ခေါင်းဆောင်ပြီး တိုက်ခဲ့ကြသူတွေ ဖြစ်ပေမင့် သူတို့ အကြောင်းတွေကို ဖျောက်ဖျက်ထားခဲ့ကြတယ်။  ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မြင်ကွင်းက ဖျောက်ထားခဲ့တယ်။ အခုမှသာ ဗိုလ်ချုပ်ပုံကို တပါတီထဲက မသုံးရဆိုတာ ပြောလာတာပါ။ ဟိုတုန်းကဆို ဗိုလ်ချုပ်ပုံရင်ထိုးကလေး ထိုးလို့ ထောင်ကျရသူတွေ ရှိခဲ့တယ်။ အခုမှ ဗိုလ်ချုပ်သမိုင်းက ပြန်စလာရတာပါ။ အလားတူ သခင်သန်းထွန်း ဆိုရင် ဘုရားမရှိ တရားမရှိသူ ရွှေတိဂုံဘုရားက ရွှေခွာရောင်းတဲ့ ကွန်မြူနစ်လို့ ဝါဒဖြန့်ခဲ့ကြတာပါ။ ဒါပေမဲ့ သခင်သန်းထွန်း အတ္ထုပ္ပတ္တိ အမှန် ထုတ်ဝေ ခွင့်မရှိခဲ့ပါ။ သူစာအုပ်တွေကို ထုတ်ဝေခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ အခုမှ ပွင့်လင်းလာချိန်မို့ ရေးခွင့် ပြောခွင့် ရလာလို့ သခင်သန်းထွန်းရဲ့ ပထမဆုံးနေ့တွေကို ရောက်လာနေလို့ ဆိုရတာပါ။ သမိုင်းသိရင် - မ အ တော့ဘူး ဆိုတဲ့ စကားနဲ့အညီ မျိုးဆက်သစ်တွေလဲ သခင်သန်းထွန်း၏ ပထမဆုံးနေ့များကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေ။ ။  မောင်တူး ကိုးကား ၁။ ဗကပ ခေါင်းဆောင် သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့ဆောင်းပါး။ ဘီဘီစီမြန်မာပိုင်း ၂၄ စက်တင်ဘာ ၂၀၁၈ ၂။ မြန်မာ့အလင်းသတင်းစာ နှစ် ၁၀၀ ပြည့်ပါပြီ ဆောင်းပါး။ ဆဲ့ဗင်းဒေး ၂၀ ဒီဇင်ဘာ ၂၀၁၄ ၃။ သခင်သန်းထွန်း စာပေါင်းချုပ်                                      နှင်းဆီနီစာပေ ၂၀၁၄ ၄။ ရိုးမချစ်သူ (ကဗျာ) ဝင်းတင့်ထွန်း ဗမာပြည်ကွန်မြူနစ်ပါတီ အင်တာနက် စာမျက်နှာ ၅။ https://www.facebook.com/Red-Star-669579669745446 ၆။ သခင်သန်းထွန်းမိန့်ခွန်းပေါင်းချုပ် ၊ ယဉ်ထွန်း                               (ယဉ်မျိုးစာပေ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024