အစ္စရေးရောက် မြန်မာများ အောက်တိုဘာ ၅ ရက်နေ့ စတင် ကြိုတင်မဲပေးနိုင်
DVB
·
September 23, 2020
အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၅ ရက်နေ့ စတင် ကြိုတင်မဲပေးနိုင်တယ်လို့ အစ္စရေးအခြေစိုက် မြန်မာသံရုံးက ကြေညာပါတယ်။
အစ္စရေးနဲ့ ဆိုက်ပရပ်စ်နိုင်ငံတွေမှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ မဲရုံဖွင့်လှစ် မယ့် နေ့ရက်၊ အချိန်နဲ့ နေရာတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မဲရုံကိုတော့ တဲလ်အဗီးစ်မြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၅ ရက်မှ ၉ ရက်အထိ နေ့စဉ်မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း မဲပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မဲပေးနိုင်ခွင့်ရှိသူတွေစာရင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြိုတင်ဆန္ဒမဲလက်မှတ်တွေ ရောက်ရှိလာချိန်မှာ ပေးပို့လာတဲ့ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတွေစာရင်းကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတွေအနေနဲ့ မဲလာပေးချိန်မှာ မိမိတို့ရဲ့ မြန်မာနိုင်ငံ ကူးလက်မှတ် ပတ်စ်ပို့ (မူရင်း)နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ ဒါမှမဟုတ် မိတ္တူတွေကို မ ဖြစ်မနေ ယူဆောင်လာဖို့လိုကြောင်းလည်း သံရုံးက အသိပေးနှိုးဆော်ထားပါတယ်။
PHOTO-MOFA