တာချီလိတ်ကို သယ်ဆောင်လာသည့် ကုန်စည်များ အခွန်ကင်းလွတ်ခွင့်ရမည်မဟုတ်
DVB
·
September 23, 2020
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ကို သယ်ဆောင်မယ့် စားသုံးကုန်အပါအဝင် ကုန်စည်တချို့ကို အခွင့်ကင်းလွတ်ခွင့်ပြုတယ်ဆိုတာမဟုတ်ဘူးလို့ စီးပွားကူးသန်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမင်းက ပြောပါတယ်။
"အခွန်ကင်းလွတ်ခွင့်ပြုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စကို ကျနော်တို့ ဌာနက ကိုင်တွယ်တာမဟုတ်ပေမယ့် ဥပဒေအရ ကင်းလွတ်ခွင့်ပြုလို့မရပါဘူး။ ဒါကြောင့် ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးတွေအနေနဲ့ နားလည်မှုလွဲပြီး ပြောဆိုနေတာဖြစ်ပါလိမ့်မယ်”လို့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောပါတယ်။
တာချီလိတ်နယ်စပ်မှာ ဒေသတွင်း အခြေခံစားသုံးကုန်အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနဲ့ လူသုံးကုန်တွေကို ထိုင်းနိုင်ငံက ဝယ်ယူ အသုံးပြုနေတာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ထိုင်း-မြန်မာကုန်သွယ်ခွင့်ကို မြန်မာအာဏာပိုင်တွေက ကားအစီးအရေသတ်မှတ်လိုက်တာကြောင့် ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနဲ့ စားသုံးကုန်အချို့ ပစ္စည်းပြတ်လပ်နေတာဖြစ်ပါတယ်။
ဒေသတွင်းမှာ လိုအပ်နေတဲ့ လောင်စာဆီတွေကိုတော့ မန္တလေးအပါအဝင်၊ တောင်ကြီးမြို့က ဝယ်ယူရောင်းချနေပြီဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေကလည်း ထိုင်းကုန်သည်တွေရဲ့ တောင်းဆိုချက်အရ စက်တင်ဘာ ၂၅ ရက်မှာ တာချီလိတ်မြို့ စုပေါင်းရုံးမှာ မြန်မာအာဏာပိုင်တွေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
လက်ရှိမှာ တာချီလိတ်မြို့က ထိုင်း-မြန်မာ ကုန်သွယ်ရေးအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကားအစီးရေ ကန့်သတ်ပြီး ကုန်သွယ်မှုတွေပြုလုပ်နေရတာပါ။
ကားအစီးအရေကန့်သတ်မှုကြောင့် ပြည်တွင်းက ပို့ကုန်တွေကို တင်ပို့နိုင်ခြင်းမရှိသေးဘဲ ရပ်နားထားရတာတွေလည်းရှိပါတယ်။
ရေရှည်မှာ ကုန်သွယ်မှုအတွက် ပို့ကုန်တင်ပို့မှုတွေ ကြန့်ကြာနေမယ်ဆိုရင်တော့ သတ္တုလုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်လာနိုင်တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးတင်နွယ်က ပြောပါတယ်။
တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ထိုင်းနိုင်ငံကို မဂ္ဂနိဒိုင်အောက်ဆိုဒ် သတ္တုအပါအဝင်၊ ဒေသထွက်ကုန်ဖြစ်တဲ့ ကြက်သွန်၊ သစ်ခေါက်နဲ့ ရာဘာတွေတွေတင်ပို့နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ပို့ကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၂ သန်းရှိတယ်လို့ သိရပါတယ်။
သတင်း- ကိုဇက်