Home
မြန်မာသတင်း
နိုင်ငံ့အကြီးအကဲများနှင့်ပတ်သက်သည့် လုပ်ကြံသတင်းတုများကို ပြင်းပြင်းထန်ထန် အရေးယူမည်
နေဖြိုးဝင်း
·
September 23, 2020
နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ပတ်သက်ပြီး လုပ်ကြံဖန်တီးတဲ့ သတင်းမှားတွေ၊ သတင်းတုတွေ ဖြန့်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့  သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်ရဲ့  ကျန်းမာရေးနဲ့ပတ်သက်လို့ လုပ်ကြံသတင်းတွေ၊ သတင်းတုတွေ ထွက်ပေါ်နေတဲ့အပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောတာပါ။ “ကျန်းမာရေး အထူးကောင်းမွန်ပါတယ်။ စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး အထူး (အထူး) ကောင်းမွန်ကြောင်း သတင်းစကားပါးလိုပါတယ် ” လို့ ဆိုပါတယ်။ ဒါ့အပြင် လူ အစားထိုးတယ်ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေတာကို တွေ့ရှိရပြီး လုံးဝ မှားယွင်းတဲ့ သတင်းတုဖြစ် တယ်လို့ ပြောပါတယ်။ “နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ရဲ့ လုပ်ကြံဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတဲ့ သတင်းတုတွေ နဲ့ပတ်သက်ပြီး အထင်အရှား ပေါ်ပေါက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံ ဖန်တီးတဲ့သတင်းတွေ ပိုပြီးများ လာတယ်လို့လည်း ပြောပါတယ်။ ဒီလို သတင်းမှားတွေကို ဘယ်သူတွေက လုပ်ကြသလဲ၊ ရည်ရွယ်ချက်က ဘာလဲဆိုတာကို စဉ်းစားကြည့်ရင် သိနိုင်ပြီး သတင်းမှားတွေထုတ်လွှင့်တဲ့ Page နဲ့ပတ်သက်လို့ နည်းပညာဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတွေကို လုပ်နေတယ်လို့ ဆိုပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အခုရက်ပိုင်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ စစ်တာ Positive အဖြေထွက်တယ်၊ လူစားလဲထားတယ်စသဖြင့် သတင်းတုသတင်းမှားတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024