ဖားကန့်က ကိုဗစ်-၁၉ လူနာ ၄ ဦး ဆေးရုံမှ ဆင်းခွင့်ရ
DVB
·
September 23, 2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ ဦးကို စက်တင်ဘာ ၂၂ ရက်နေ့မှာ သီတဂူစက္ခုဒါနဆေးရုံ သီးခြားဆေးကုသဆောင်ကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဖားကန့်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။
ဆေးရုံဆင့်ခွင့်ပြုခဲ့တဲ့ ပိုးတွေ့လူနာ ၄ ဦးကို ဓာတ်ခွဲနမူနာ နှစ်ကြိမ်ယူ စစ်ဆေးခဲ့ရာမှာ နှစ်ကြိမ်လုံး ပိုးမတွေ့ တာကြောင့် ဆင့်ခွင့်ပြုလိုက်တာလို့ ဖားကန့်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်းက ပြောပါတယ်။
"ပိုးတွေ့လူနာတွေကို Swab နှစ်ကြိမ်ယူပြီး စစ်ဆေးတာ နှစ်ကြိမ်လုံးနဂ္ဂတစ်ဖြစ်တယ်။ လူတွေကလည်း ပကတိအတိုင်းကောင်းမွန်နေတယ်။ ခုတော့သူတို့ကို ဆင်းခွင့်ပြုလိုက်တယ်။ ကိုယ့်အိမ်မှာကိုပဲနေရင်ရပြီ"
ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၉ ရက်ကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦးကို စတင်တွေ့ရှိခဲ့ပြီး အဲဒီလူနာနဲ့ ထိတွေဆက်စပ်သူတွေကို စစ်ဆေးရာမှာ စက်တင်ဘာ ၁၇ ရက်က ၄ ဦး၊ စက်တင်ဘာ ၁၉ ရက်က ၄ ဦး စုစုပေါင်း ၉ ဦးတွေ့ရှိခဲ့တာပါ။
ကနဦးတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာအမှတ်-၁၇၁၂ ဟာ စက်တင်ဘာ ၂၀ ရက်က ဆေးရုံဆင်းခွင့်ရခဲ့ပြီး ပိုးတွေ့လူနာအမှတ်- ၃၆၉၇ ၊ ၃၆၉၈၊ ၃၆၉၉ နဲ့ ၃၇၇၀ တို့ လေးဦးကတော့ စက်တင်ဘာ ၂၂ ရက်က ဆင်းခွင့်ပြုခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ စက်တင်ဘာလ တစ်လအတွင်း ကချင်ပြည်နယ်မှာ ပိုးတွေ့ လူနာ ၉ ဦး အထိ စံချိန်တင်တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာ ၅ ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်လို့ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးနဲ့ သံသယလူနာ ၃ ဦးသာ ကျန်ရှိတော့တယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ အတည်ပြုလူနာ ၁၃ ဦးရှိပြီး Quarantine ထားသူ ၂၁၇၈ ဦးနဲ့ Quarantine စင်တာပေါင်း ၅၆၈ ခုရှိတယ်လို့ ကချင်ပြည်နယ် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
သတင်း- ဇော်မိုးထက် (ဖားကန့်)