Home
အထွေထွေ
လူထုအပေါ်ဗိုလ်ကျသည့် ပြည်သူ့စစ်များကို ရဲစခန်းက တိုက်ရိုက်အရေးယူမရ
DVB
·
July 2, 2013
ရှမ်းပြည်နယ်က ပြည်သူ့စစ်တချို့ လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်နေတာကို နယ်မြေခံ ရဲစခန်းတွေက တိုက်ရိုက်အရေးယူလို့မရဘဲ တပ်မတော်ကို အကြောင်းကြားပြီးမှ တည်ဆဲဥပဒေအရ အရေးယူရမယ်လို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဒု-၀န်ကြီးက ဖြေကြားသွားပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ ပြည်သူ့စစ်တွေက  လက်နက်အားကိုးနဲ့ ပြည်သူတွေပေါ် အနိုင်ကျင့်ကြောင်း တိုင်စာတွေ လက်ခံရရှိတဲ့အပေါ် ကျားဖြူပါတီက လွှတ်တော်မှာ မေးမြန်းခဲ့ရာ ကာကွယ်ရေးဒု-၀န်ကြီး  ဗိုလ်မှူးချုပ်  အောင်သော်က ဖြေကြားခဲ့တာပါ။ နေပြည်တော်မှာ ကျင်းပနေတဲ့ သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်သူ့စစ်နဲ့ ပတ်သက်တဲ့ မေးခွန်း ၃ ခု မေးမြန်းခဲ့တယ်လို့ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။ “လူထုတွေက စိုးရိမ်ထိတ်လန့်မှုတွေရှိနေပြီး အဲဒီအဖွဲ့တွေကို ဘယ်လိုထိန်းကျောင်းပေးနိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးစိုင်းဆောင်ဆီက မေးခွန်းမေးမြန်းတယ်။ ဒါပေမယ့် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ သူက မတက်ရောက်လို့ သူ့အစား ကျနော်က မေးခဲ့ပါတယ်။ မေးခွန်း ၃ ခုပါ။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပေါင်း ဘယ်လောက်ရှိလဲ။ ဖွဲ့စည်းပုံ တိကျတဲ့ညွှန်ကြားချက်တွေ ရှိပါလား။ အဲဒီတပ်ဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်ဖို့ တိုင်ကြားရာမှာ တပ်မတော်ရဲ့ ညွှန်ကြားချက်ရမှသာ အရေးယူဆောင်ရွက်နိုင်မယ်ဆိုတာ ဟုတ်ပါသလား။ အဲလိုလုပ်ဖို့ သီးခြားပြဋ္ဌာန်းချက် ဥပဒေ ရှိပါလားဆိုတာတွေ မေးပါတယ်။ ” ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး တပ်မတော် ဒုတိယ ကာကွယ်ရေးဝန်ကြီးက “မြန်မာနိုင်ငံမှာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်ပေါင်း ၅ ထောင်ကျော်ရှိကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းဖို့ တိကျတဲ့ ဖွဲ့စည်းပုံရှိကြောင်း၊ ပြည်သူ့စစ်အတွက် သီးခြားဥပဒေပြဋ္ဌာန်းထားတာမရှိပေမယ့် တပ်မတော်ကို အကြောင်းကြားပြီးမှ တည်ဆဲဥပဒေအရ အရေးယူဖို့ အကျဉ်းချုံး ဖြေကြားသွားတယ်လို့ ဆိုပါတယ်။ ကျောက်မဲမြို့နယ် ပုံဝိုး၊ မိုင်းတင်း၊ မိုင်းငေါ့ ကျေးရွာတွေက  ပြည်သူ့စစ်တွေဟာ ဒေသခံ လူထုတွေဆီက ငွေကြေးကောက်ခံတာ၊ လက်နက်နဲ့ ခြိမ်းခြောက်တာတွေရှိနေတဲ့ အပြင်  တချို့ပြည်သူ့စစ်တွေဟာ   မူးယစ်သောက်စားရမ်းကားမှုတွေရှိကြောင်း ကျားဖြူပါတီကိုပေးပို့တဲ့  ပြည်သူတွေရဲ့တိုင်တန်းချက်တွေမှာ ပါဝင်တယ်လို့ ဦးစိုင်းသီဟကျော်က ပြောပါတယ်။ ဒါ့အပြင်  ပြည်သူ့စစ်တွေက လိုင်စင်မဲ့ကားတွေ စီးပြီး သစ်နဲ့နွားတွေ ပြည်ပတင်ပို့နေတာ၊ လက်နက်ပြငွေတောင်းတာ၊  ဥပဒေမဲ့ ဆောင်ရွက်နေတာတွေကြောင့်  ပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကိစ္စကို ကျားဖြူပါတီက သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားပေမယ့် ရဲစခန်းက တပ်မတော်ဘက်က ညွှန်ကြားချက်မရလို့ အရေးယူဆောင်ရွက်ပေးလို့ မရကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကတော့  တပ်မတော်က  ပြည်သူ့စစ်တွေကို အရေးယူတာမရှိတဲ့ အပြင်  တပ်မတော်သားတွေကိုယ်တိုင်ကလည်း တိုင်းရင်းသားဒေသထဲမှာ ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးတာ၊ မိန်းကလေးတွေကို မတရားကျင့်တာ၊ ရွာသားပိုင် ကြက်၊ ၀က်၊ ဘဲတွေ  အဓမ္မ ယူငင်စားသောက်တာတွေ ရှိနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024