Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအချင်းချင်း သတ်ဖြတ်ပြီး ပစ္စည်းယူသူ ၁ ဦးကို ထိုင်းရဲ ဖမ်းဆီးရမိ 
DVB
·
September 22, 2020
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံသား ၁ ဦးကို သတ်ပြီး ရွှေငွေတွေယူဆောင်သွားတဲ့ မြန်မာအလုပ်သမား ၁ ဦးကို  တာဝန်ရှိသူတွေက စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးရမိပြီလို့  AmarinTV ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ဘန်ကောက်မြို့၊ ဘန်ခွန်ထိန်းနယ်မြေ၊ ဘန်ခွန်ထိန်းလမ်းသွယ် ၆ ရှိ တိုက်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က  အသက် ၄၂ နှစ်ရွယ်ရှိ ကျော်သန်း ဆိုသူ မြန်မာနိုင်ငံသား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက တရားခံကို လိုက်လံစုံစမ်းနေရာမှာ စက်တင်ဘာ ၂၀ ရက်မှာ အသက် ၂၄ နှစ်ရွယ်ရှိ သက်ဝင်းလှိုင်ဆိုသူ မြန်မာအလုပ်သမား ၁ ဦးကို သူနေထိုင်ရာ ဘန်ကောက် ဧကချိုင်း ၆၆ လမ်းထဲရှိ တိုက်ခန်းတစ်ခုမှာ သွားရောက်ဖမ်းဆီးခဲ့တာပါ။  ထာ့ခမ့်ရဲစခန်းတာဝန်ရှိသူတွေက သက်ဝင်းလှိုင်ထံကနေ သေဆုံးသူရဲ့ အလေးချိန် ၃ ဘတ်သားရှိ  ရွှေဆွဲကြိုး ၁ ကုံး၊ ၅ ဘတ်သားရှိ ဟန်းချိန်းကြိုး၊ ငွေသား ဘတ် ၁၂၀၀၀ နဲ့ လူသတ်ရာမှာအသုံးပြုခဲ့တဲ့ ဓား ၁ ချောင်း၊ အဲဒီနေ့က ဝတ်ခဲ့တဲ့ အဝတ်အစားနဲ့ တယ်လီဖုံး ၁ လုံးပါ သက်သေအဖြစ်သိမ်းယူရရှိခဲ့ပါတယ်။  တရားခံ သက်ဝင်းလှိုင်ကလည်း သူဟာ အရင်က ဖိနပ်ချုပ်စက်ရုံမှာအလုပ်လုပ်ခဲ့ပြီး အခုတော့ အလုပ်လက်မဲ့ဖြစ်နေကြောင်း၊ တဘက်မှာ အကြွေးဆပ်စရာငွေမရှိလို့ အသိဖြစ်သူ ကိုကျော်သန်းဆီ ငွေချေးငှားဖို့ရောက်လာကြောင်း၊ သူ့အိမ်ရောက်တော့ ကိုကျော်သန်းဝတ်ထားတဲ့ ရွှေဆွဲကြိုး ၊ ရွှေဟန်းချိန်းတွေမြင်တာနဲ့ စိတ်ပြောင်းပြီး ငွေမချေးတော့ဘဲ ကိုကျော်သန်းကိုသတ်ပြီး ရွှေငွေတွေယူခဲ့တာလို့  တာဝန်ရှိသူတွေကို ဝန်ခံထွက်ဆိုသွားပါတယ်။  လူသတ်မှုကျူးလွန်ပြီး ထွက်မပြေးရတဲ့အကြောင်းကတော့ ကျန်ခဲ့တဲ့ မိန်းမဖြစ်သူကို စိတ်မချတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သူကပြောသွားပါတယ်။  အစောပိုင်းက လူသတ်ပစ္စည်းလုတရားခံ ၃ ဦးရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သက်ဝင်းလှိုင်က သူတစ်ယောက်တည်းပဲ ကျူးလွန်တာလို့ ထွက်ဆိုထားပါတယ်။  ရဲတွေကတော့ ပါဝင်ပတ်သက်သူ သံသယရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သက်ဝင်းလှိုင်ကိုလည်း လက်နက်မှု၊ လူသတ်မှု၊ ပစ္စည်းလုမှုတွေနဲ့ အရေးယူသွားမယ်လို့  ပြောပါတယ်။  ကိုးကား- THAIRATH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024