Homeမြန်မာသတင်း
မြစ်သားမြို့နယ်၌ အုတ်လုပ်ပညာရှင် တရုတ်နိုင်ငံသား ၁ ဦး လုပ်ကိုင်နေသည့် အုတ်စက်မီးလောင်
မြစ်သားမြို့နယ်၌ အုတ်လုပ်ပညာရှင် တရုတ်နိုင်ငံသား ၁ ဦး လုပ်ကိုင်နေသည့် အုတ်စက်မီးလောင်
DVB
·
September 22, 2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပေါက်မြိုင်ရွာမှာ စက်တင်ဘာ ၂၂ ရက်မနက်က အုတ်လုပ်ပညာရှင် တရုတ်နိုင်ငံသား ၁ ဦး လုပ်ကိုင်နေတဲ့ အာရှရွှေအုတ်စက်ရုံက အုတ်စက် မီးလောင်သွားတယ်လို့ မြစ်သားမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မြစ်သားမြို့နယ်မီးသတ်ဦးစီး ဦးထွန်းထွန်းလင်းက "အုတ်ဖုတ်စက်ချို့ယွင်းပြီး အုတ်စက် အပြင်ဘက်ကို မီးတွေထွက်လာတယ်။ အဲဒီမီးတောက်တွေက ဖိုင်ဘာလို့ထင်ရတဲ့ အမိုးပြားတွေ မီးလောင်သွားတယ်။ မီးသတ်ကား ၁၄ စီးနဲ့ ရေဂါလံ တစ်သောင်းကျော်လောက်သုံးရတယ်။ အရံသန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၀ လောက်နဲ့ မီးကြွင်းမီးကျန်တွေ အခုထိ ငြိမ်းသတ်နေဆဲပဲ"လို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုမှာ လူနဲ့တိရစ္ဆာန်ထိခိုက်မှု မရှိပါဘဲ ဆုံးရှုံးတန်ဖိုး ကျပ် ၁၃ သိန်းကျော်လောက်ရှိတယ်လို့လည်း မီးသတ်ဦးစီးက ပြောပါတယ်။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ကျင်းထန်မြို့ကနေ မြန်မာနိုင်ငံမှာ တရားဝင် ဗီဇာနဲ့ လာရောက်လုပ်ကိုင်နေတဲ့ အုတ်လုပ်ပညာရှင် Mr.Liu Hanze(၆၂နှစ်)ကို မြစ်သားမြို့မရဲစခန်းမှာ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း