ရဲတပ်ဖွဲ့ဝင် ၅၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ၊ ရန်ကုန်က အများဆုံးပါဝင်
ညီငယ်
·
September 22, 2020
မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၁ ဦး ကိုဗစ်- ၁၉ ရောဂါကူးစက်ခံထားရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရောဂါကူးစက်ခံရသူ နေပြည်တော်မှာ ၅ ဦး၊ ရန်ကုန်တိုင်းမှာ ရေကြောင်းရဲ၊ ယာဉ်ထိန်းရဲအပါအဝင်၂၀ ဦး၊ ရခိုင်ပြည်နယ်မှာ ၁၃ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ ဧရာဝတီတိုင်းမှာ ၁ ဦးတို့ ဆေးကုသမှုခံယူနေပြီး ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားတဲ့သူ ၉ ဦးရှိကြောင်း ရဲတပ်ဖွဲ့ကသိရပါတယ်။
ပိုးတွေ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်လိုင်းခန်းတွေကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေအတိုင်း Home Stay နေထိုင်စေတာ၊ လော့ဒေါင်း ချတာတွေဆောင်ရွက်ထားရှိကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
လက်ရှိ ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်နေပေမဲ့ ရဲလုပ်ငန်းတွေတော့ ပုံမှန်အတိုင်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ရဲမှူးကြီးကျော်သီဟက ပြောပါတယ်။
"ရဲလုပ်ငန်းဟာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ကိုင်ရပြီး ဥပဒေအရသတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်များအနေနဲ့ တရားခံ ဖမ်းဆီးရေးမှာ ကိုဗစ်ကြောင့် နှောင့်နှေးသွားတာမရှိပါဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တရားခံ ဖမ်းဆီးရေးလုပ်ငန်းတွေမှာလည်း ရောဂါကူးစက်မှုမရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်နေပါတယ်။"
ဒါ့အပြင် တရားရုံးထုတ်ရာမှာတော့ အချုပ်တရားခံအသစ်တွေကို သီးခြားရုံးထုတ်တာတွေ ဆောင်ရွက်ထားရှိကြောင်း၊ကိုဗစ်ကူးစက်မှုမြင့်တက်ချိန် ရဲစခန်းတွေက အချုပ်သားတွေကို ပြင်ပ ဧည့်သည်တွေနဲ့ ဧည့်တွေ့ခွင့်ကို ကန့်သတ်ထားပြီး အချုပ်တရားခံရဲ့ ရှေ့နေတွေကတော့ လိုအပ်ရင် တွေ့ဆုံခွင့်ရှိကြောင်း လည်း ပြောပါတယ်။