လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပ
DVB
·
July 2, 2013
ဇူလိုင် ၁ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။
အစည်းအဝေးမှာ ငြိမ်းချမ်းရေးရအောင် မဖြစ်မနေ လုပ်ဆောင်ဖို့၊ အခြေအနေ ကောင်းရဖို့ နှီးနှောဆွေးနွေး ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့၊ စေတနာကောင်းသလို ရလဒ်ကောင်းရအောင် အားလုံးပါဝင်နိုင်ပြီး စနစ်တကျ ဆောင်ရွက်ကြဖို့၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးအတွက် လိုအပ်တဲ့ ငွေကြေး ပစ္စည်းအထောက်အပံ့ကို ပြည်ပနိုင်ငံအဖွဲ့အစည်းတွေက ပေးတာ အဓိက မထားပဲ ပြည်သူ့ ဘဏ္ဍာ ငွေကြေး သုံးစွဲပြီး ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူ့ဘ၀ကို အကာကအကွယ် မပေးနိုင်ရင် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်လာနိုင်တာမို့ ကြိုတင် လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း သုံးသပ်ကြတယ်။
ကာလုံအဖွဲ့မှာ သမ္မတက ဦးဆောင်ပြီး ဒုသမ္မတတွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးတွေလည်း ပါဝင်ပါတယ်။