Live
Home
မြန်မာသတင်း
တအာင်းအမျိုးသားပါတီ TNP မဲဆွယ်စည်းရုံးရေး ဟန့်တားခံရ၊ ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရ 
နန်းမြနဒီ
·
September 21, 2020
ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ TNP တအာင်း (ပလောင်) အမျိုးသား ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေရာမှာ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ နှောင့်ယှက်ဟန့်တားခံရတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပါတီ တာဝန်ရှိသူက ပြောပါတယ်။ အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့မှာဆိုရင် စက်တင်ဘာ ၁၇ ရက်က စိုက်ထူခဲ့တဲ့ ပါတီကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်းဘုတ် ၄ ခုဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီမတိုင်ခင်ကလည်း မိုင်းကိုင်မြို့နယ်ထဲရှိ ပလောင်ကျေး ရွာတွေကိုသွားပြီး စည်းရုံးရေး လုပ်ရာမှာ လမ်းမှာ  RCSS ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်တွေက သွားခွင့်မပြုခဲ့ဘူးလို့ ပါတီအထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ဒီဗွီဘီကို ပြောပါတယ်။  “တနေရာမှာ တိုင်ရော ဆိုင်းဘုတ်ရော အကုန်ဖြုတ်ချတယ်။ တခြားပါတီတွေတော့ ဖျက်ဆီး ခံရတယ်လို့ မကြားမိဘူး။ ကျနော်တို့ပါတီတစ်ခုဘဲ၊ ဒီမတိုင်ခင် ဒေသထဲ ဘာပြဿနာမှမရှိခဲ့ပါဘူး။ ကျနော်တို့ဘက်က ပေါ့လေ။ အဲဒီမတိုင်ခင်ရှေ့ကတော့ ကျနော်တို့ပါတီဝင်တွေဟာ ပလောင်ရွာတွေ လိုက်ပြီး မဲဆွယ်စည်းရုံးမလို့ဟာကို နောင်စံဖူး နဲ့ နမ့်အွေးအီ ကျေးရွာအုပ်စု သွားတဲ့လမ်းမှာ RCSS တပ်ဖွဲ့ဝင်တွေ ဟန့်တားတာ ခံခဲ့ရတယ်။ အဲဒီဆိုင်းဘုတ်အဖျက်ခံရတဲ့ ကိစ္စရော လမ်းမှာ RCSS ဟန့်တားတဲ့ အကြောင်းတွေပါ သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေဆီ အကြောင်းကြား ထားပါတယ်ခင်ဗျ။” ဒီမတိုင်ခင်ကလည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ရှိ ပန်လုံနဲ့ မံစံမိုင်းမု ကျေးရွာမှာ တီအန်အေ တအာင်းပါတီဆိုင်းဘုတ် ၄ ခု  ဖျက်ဆီးခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။  ဖျက်ဆီးခံရတဲ့ဆိုင်းဘုတ်တွေ ပြန်ထောင်ပြီး ပါတီအောင်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့လည်း  မိုင်းအုဏ်းခိုင်က ပြောပါတယ်။  မိုင်းကိုင်မြို့နယ်ထဲမှာ တအာင်းပါတီဝင်တွေ အသွားအလာကန့်သတ်ခံရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးကတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ကာလ သူတို့နယ်မြေအားလုံးထဲမှာ အသွားအလာကန့်သတ်ထားတာ ဖြစ်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။  “ကိုဗစ်-၁၉ ဖြစ်နေတဲ့ကာလမှာ ဘယ်သူ့ကိုမဆို အသွားအလာကန့်သတ်ထားပါတယ်ခင်ဗျ။ ကျနော်တို့ ထိန်းချုပ်တဲ့နေရာတိုင်း ရွာတိုင်းမှာ အကုန်ကန့်သတ်တယ်။ ရှမ်းပြည်တောင်ပိုင်းရော မြောက်ပိုင်းမှာရော၊ ဘယ်လူမျိုး ဘယ်ပါတီရယ်လို့ ခွဲခြားပြီးကန့်သတ်တာမရှိပါဘူး။  ရွာတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်လာရင် ဆေးဝါးလည်းမပြည့်စုံ၊ ဆေးရုံနဲ့လည်းအလှမ်းဝေးတော့ အကုန် ဒုက္ခရောက်ကုန်မှာပေါ့။ လုံးဝပေးမသွားတာတော့ မဟုတ်ပါဘူး။ အရေးကြီးတဲ့ကိစ္စတွေဆို သွားလာလို့ ရပါတယ်။ နည်းနည်းပါးပါးစစ်ဆေးမေးမြန်းတာတော့ ရှိတာပေါ့။၊ နိုင်ငံရေးပါတီဝင်တွေ မဲဆွယ်စည်းရုံးဖို့ သွားမယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ နယ်မြေထဲက ကျနော်တို့ တာဝန်ရှိသူတွေ ဆီအကြောင်းကြား ညှိနှိုင်းဆွေးနွေးရမှာပေါ့ခင်ဗျာ” ရှမ်းပြည်နယ်ထဲမှာ တိုင်းရင်းသားပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ခြိမ်းခြောက်ပြီး ရွေးကောက်ပွဲမဝင်ဖို့ တားမြစ်တာ စတဲ့ သတင်းတွေမကြားသိရသေးဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့က အွန်လိုင်းကတဆင့် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။    တကယ်လို့ အလားတူဖြစ်ရပ်တွေ ရှိလာပါကလည်း သက်ဆိုင်ရာ မြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေထံ တိုင်ကြားပြီး ဖြေရှင်းဆောင်ရွက်နိုင်တယ်လို့ လည်း ပြောပါတယ်။  တအာင်းအမျိုးသားပါတီဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၆ ဦးနဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းကိုင်၊  မိုးကုတ် စတဲ့ မြို့နယ်ပေါင်း ၁၀ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  လက်ရှိလွှတ်တော်ထဲမှာ အမျိုးသားလွှတ်တော်အမတ် ၂ ဦး၊ ပြည်သူ့လွှတ်တော်အမတ် ၃ ဦး နဲ့ ပြည်နယ်လွှတ်တော်အမတ် ၇ ဦးတို့ နေရာရထားပါတယ်။  ဓာတ်ပုံ- TNP

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024