ငြိမ်းချမ်းရေးအတွက် ဖျော်ဖြေပွဲ ဇူလိုင်လကုန် ကျင်းပမည်
နော်နိုရင်း
·
July 1, 2013
အနုပညာနယ်ပယ်အသီသီးက အနုပညာရှင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးအတွက် ဖျော်ဖြေပွဲတခုကို ဇူလိုင်လ ၂၇ ကနေ ၂၈ ရက်နေ့ နှစ်ရက်တာ ကျင်းပမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။
ဒီဖျော်ဖြေပွဲကို ရန်ကုန် သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး သဘင်၊၊ ဂီတ၊ စာပေ နဲ့ ရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာတွေ ပါဝင် မှာဖြစ်တယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဖျော်ဖြေပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဦးလူမင်းက “ပွဲမှာ ဘယ်သူတွေပါဝင်မယ်ဆိုတဲ့ စာရင်းမထွက်သေးဘူး၊ ကျင်းပဖို့ တိုင်ပင်တဲ့ အဆင့်မှာရှိပါသေးတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးက အားလုံးနဲ့ သက်ဆိုင်တယ်လေ။ အနုပညာရှင်တွေနဲ့ သက်ဆိုင်တယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးလည်း လိုအပ်တယ်။ ဒါကို ထောက်ခံအားပေးတဲ့သဘောနဲ့ပါ” လို့ ပြောပါတယ်။
ဒီဖျော်ဖြေပွဲမှာ ရလာတဲ့ ရန်ပုံငွေတွေကို ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့နေရာမှာ အကူညီပေးမယ်လို့လည်း ဆိုပါတယ်။ဒီငြိမ်းချမ်းရေးပွဲဖြစ်မြောက်ဖို့အတွက် စွယ်စုံအနုပညာရှင် ဦးသူရ ခေါ် ဇာဂနာက တာဝန်ယူ ထားတယ်လို့ လည်း သိရပါတယ်။