မွန်ပြည်နယ်အတွင်း မှတ်ပုံတင်မရှိသူများကို ထောက်ခံချက်ဖြင့် မဲပေးနိုင်ရန် လုပ်ပေးမည်
DVB
·
September 21, 2020
မှတ်ပုံတင် မရှိတဲ့သူတွေကို ထောက်ခံချက်နဲ့ မဲပေးနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအားဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုအရ တပ်မဲစာရင်းအပါအဝင် ဆန္ဒမဲပေးနိုင်သူ ၁၇ သိန်းကျော် ရှိနေတာဖြစ်ပြီး အဲဒီမဲစာရင်းကို ပြည်နယ်လဝက ဦးစီးဌာနက ပြန်လည်စိစစ်ရာမှာ မဲပေးနိုင်သူ ၁၇ သိန်းကျော်မှာ လူဦးရေ ၆၀၀၀၀ ကျော်ဟာ မှတ်ပုံတင် မရှိသေးတဲ့သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် မဲစာရင်းမှာ မှတ်ပုံတင် မရှိသေးတဲ့သူတွေကို လာမယ့် ၂ လအတွင်း မှတ်ပုံတင် အပြီး လုပ်ဆောင်ပေးသွားဖို့ လဝကဦးစီးဌာနက စီစဉ်ခဲ့တာပါ။
ဒါပေမဲ့ အခုအခါ ကိုဗစ်ရောဂါကြောင့် မှတ်ပုံတင်တွေကို ကွင်းဆင်း လုပ်ပေးဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့် ထောက်ခံချက်နဲ့ မဲပေးနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ဆမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအားဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ချယ်က ပြောပါတယ်။
အခုအခါ ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကလွဲရင် လဝကဦးစီးဌာနရဲ့ လုပ်ငန်းစဉ်အချို့ကို ရပ်နားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မှတ်ပုံတင် မရှိတဲ့သူတွေကို ထောက်ခံချက်နဲ့ မဲပေးနိုင်အောင် ရွေးကောက်ပွဲမီ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကော်မရှင်အနေနဲ့ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာဖို့အတွက် ပြင်ဆင်နေတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ လာမယ့်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၉၅၁ ဖွင့်လှစ်သွားဖို့ စီစဉ်ခဲ့ရာမှ အခုအခါ ကိုဗစ်ကပ်ရောဂါအပြင် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရင် လူဦးရေ တိုးလာနိုင်တဲ့အတွက်ကြောင့် မဲရုံပေါင်း ၂၂ ရုံ ထပ်တိုး ဖွင့်လှစ်သွားဖို့ ကော်မရှင်က စီစဉ်နေပါတယ်။
ဒုတိယအကြိမ် မဲစာရင်းကိုတော့ စက်တင်ဘာ နောက်ဆုံးအပတ်မှာ ကပ်ထားကြေညာပေးသွားမယ်လို့ ကော်မရှင်က ဆိုထားပါတယ်။
ဇော်လွင်ထွဋ်