မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် စံချိန်တင် တွေ့ရှိ၊ ဆရာဝန် ၂ ဦး ပါဝင်
DVB
·
September 21, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စံချိန်တင် တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ လူနာတွေကို အဓိက စောင့်ကြည့်ကုသပေးနေတဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံက ဆရာဝန် ၂ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်လူနာ ၃၁ ဦးအထိ စံချိန်တင် ရောဂါပိုးတွေ့ရှိခဲ့တာပါ။
ဆရာဝန် ၂ ဦးဟာ စစ်ကဲကုန်းရပ်ကွက်က အိမ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနေတဲ့ နေအိမ် ၂ လုံးကြားမှာ နေထိုင်တဲ့ လူနာကို ရောဂါကုသပေးခဲ့ရာမှ လူနာရဲ့ သားဖြစ်သူ လူနာစောင့်ကတဆင့် ရောဂါး ပိုးကူးစက်ခံရတာ ဖြစ်ပါတယ်။
သူတို့ သားဖ ၂ ဦးဟာ ဘေးအိမ် ၂ အိမ်မှာ ကိုဗစ်-၁၉ ရောဂါပိုး အိမ်ကျွတ် တွေ့ရှိနေတဲ့အကြောင်း ဆရာဝန်တွေကို မပြောပြခဲ့တာလို့ မွန်ပြည်နယ် ပြည်နယ်သူ့ ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
ဆရာဝန် ၂ ဦးရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံက အထွေထွေရောဂါ အထူးကုပြင်ပ လူနာဌာနကို အသွားအလာကန့်သတ်ပြီး lock down ပြုလုပ်ထားပါတယ်။
လက်ရှိမှာတော့ ဆရာဝန် ၂ ဦးနဲ့ ထိတွေ့ထားတဲ့ တခြားဆရာဝန်တွေအပြင် ကျန်းမာရေး ဝန်ထမ်း ၇ ဦးကို အသွားအလာ ကန့်သတ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။
ကိုဗစ်ကာလမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြင်ပလူနာတွေကို ကြည့်ရှုကုသရာမှာတော့ level 2 ဖြစ်တဲ့ Mask နဲ့ face shield အသုံးပြု ကုသပေးရာမှ ရောဂါပိုး ကူးစက်ခံရတာဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ စံချိန်တင် ရောဂါပိုး တွေ့ရှိမှုအရ ဘီးလင်းမြို့နယ်မှာ ၂၂ ဦးနဲ့ မော်လမြိုင်မှာ ၉ ဦး စုစုပေါင်း ၃၁ ဦး ရောဂါး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်နယ်တဝန်းမှာ ကိုဗစ်လူနာ ၁၅၄ ဦးအထိ ရှိလာပါတယ်။
ဇော်လွင်ထွဋ်