သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင် ထူးကဲဒီရေတက်ပြီး ရေလျှံ
ဇေယျာချမ်းအေး
·
September 20, 2020
ရန်ကုန်မြို့၊ သာကေတမိကျောင်းမွေးမြူရေးစခန်းမှာ စက်တင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်းက ငမိုးရိပ်ချောင်းက ထူးကဲဒီရေတက်တဲ့အတွက် ရေလျှံနေပြီး သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ် မရောက်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းတာဝန်ရှိသူက ပြောပါတယ်။
“မိကျောင်းတွေရဲ့ လုံခြုံရေးစိုးရိမ်စရာမရှိပါဘူး။ မိကျောင်းတွေနဲ့ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းဖို့ အထူးသတိပြုဆောင်ရွက်ထားပါတယ်” လို့ သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးမင်းလှိုင်က ပြောပါတယ်။
အခုတကြိမ် ငမိုးရိပ်ချောင်းရေ ဒီရေတက်တာဟာ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ရေပိုများလာတာလို့ ဆိုပါတယ်။
ရေတက်တယ်ဆိုပေမယ့် စိုးရိမ်ရလောက်အောင် တက်တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
၂၀၁၈ခု နှစ်တုန်းကလည်း ဒီရေတက်ခဲ့ဖူးပြီး အခုတစ်ကြိမ် ရေတက်တာဟာ အဲဒီတုန်းကလောက် မများဘူးလို့ ဒေါက်တာမျိုးမင်းလှိုင်က ပြောပါတယ်။
“မိကျောင်းကန်တွေကို ထိန်းတဲ့ရေထိန်းနံရံတွေ ဆောက်ထားပြီးသားပါ။ စိုးရိမ်စရာမရှိပါဘူး။”
သာကေတမိကျောင်းမွေးမြူရေးစခန်းကို ၁၉၉၇ ခုနှစ်မှာ အပန်းဖြေစခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စာရင်းတွေအရ မိကျောင်းကောင်ရေ ၅၅၀ ကျော် မွေးမြူထားပါတယ်။