Home
မြန်မာသတင်း
ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၈၁ ဦးရှိလာ
DVB
·
September 19, 2020
မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနရဲ့ စက်တင်ဘာ ၁၉ ရက်ညနေထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်းဟာ အခုဆို ၈၁ ဦးထိရှိပြီ ဖြစ်ပါတယ်။ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၆၈ နှစ်၊ ၆၅ နှစ်အရွယ် အမျိုးသား ၂ ဦးနဲ့ ၈၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး၊ ကိုဗစ်ကုသရေးဌာန ဒဂုံဆိပ်ကမ်းမှာ ကုသနေတဲ့ အသက် ၈၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ မြောက်ဥက္ကလာပအထွေထွေရောဂါကုနဲ့သင်ကြားရေး ဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသားလူနာတို့ဖြစ်ပါတယ်။ သေဆုံးလူနာတွေထဲက တယောက်ကပဲ လူနာအမှတ်စဉ် ၃၁၀၀ ကျော်ဖြစ်ပြီး ကျန်လူနာတွေ အားလုံးက အမှတ်စဉ် ၄၀၀၀ ကျော်ဖြစ်လို့ ဒီရက်ပိုင်းမှာပဲ အတည်ပြုလူနာ ဖြစ်ခဲ့ကြတာပါ။ သူတို့ ဘာကြောင့်သေဆုံးတယ် ဆိုတာကတော့ ကျန်းမာရေးဌာနက မထုတ်ပြန်သေးပါဘူး။ စက်တင်ဘာ ၁၈ ရက်နေ့အတွက် ထုတ်ပြန်တဲ့ လူနာသစ်  ၃၂၂ ဦးကတော့ ဧရာဝတီတိုင်းက ၃ ဦး၊ ပဲခူးတိုင်းက ၅၂ ဦး၊ ကချင်ပြည်နယ်က ၅ ဦး၊ မကွေးတိုင်းက ၁ ဦး၊ မန္တလေးတိုင်းက ၆ ဦး၊ မွန်ပြည်နယ်က ၁၂ ဦး၊ နေပြည်တော်က ၃ ဦး၊ ရခိုင်ပြည်နယ်က ၂၇ ဦး၊ တနင်္သာရီတိုင်းက ၅ ဦး၊ ရန်ကုန်တိုင်းက ၂၀၈ ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆၂၁ ဦး၊ သေဆုံးသူ ၈၁ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024