Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာများ လာမည့်အောက်တိုဘာလတွင် ကြိုတင်မဲပေးရမည် 
နန်းမြနဒီ
·
September 18, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်ဆန္ဒမဲပေးပွဲကို အောက်တိုဘာ ပထမပတ်ကနေ တတိယပတ်အတွင်း ကျင်းပသွားမယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိမြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုမဲဆန္ဒရှင်စာရင်းရရှိလာရင် မဲဆန္ဒရှင်စာ ရင်းနဲ့  ကြိုတင်ဆန္ဒမဲပေးရမယ့် နေ့ရက်အချိန်နေရာတွေကို ထပ်မံကြေညာပေးမယ့်အကြောင်း၊ ကြိုတင်ဆန္ဒမဲပေးပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ဆန္ဒမဲပေးနေတဲ့ကာလမှာ သံရုံးရဲ့ပုံမှန် ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေ ရပ်နားထားမယ်လို့လည်း သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့်  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထိုင်းရောက် မြန်မာတွေအကြားမှာ  စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ရွှေ့ပြောင်းလုပ်သားတွေ  ကြိုတင်မဲပေးနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ MLC ရွှေ့ပြောင်းလုပ်သားပညာရေးကျောင်းမှ ဆရာစိုင်း ဆိုင်လိန်ခမ်း ကတော့ ထိုင်းမှာ ကိုဗစ်-၁၉  ကူးစက်မှုတဖြည်းဖြည်းလျော့နည်းလာပြီဖြစ်တဲ့အတွက် ကြိုတင်ရွေး ကောက်ပွဲကျင်းပနိုင်မှာဖြစ်ပြီး သံရုံးတာဝန်ရှိသူတွေလည်း ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။ ဒါပေမဲ့ ထိုင်းမြောက်ပိုင်းရှိ မဲဆန္ဒရှင်အများစုဟာ မြန်မာစာမဖတ်တတ်တဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် မဲပေးရမယ့်အချိန်ကျရင် ဘာသာပြန်တွေ ထားပေးသင့်တယ်လို့ အကြံပြုပါတယ်။  “ကျနော်တို့စိုးရိမ်တာကတော့ ဒီမြောက်ပိုင်းကမဲဆန္ဒရှင်တွေဟာ မြန်မာလိုမတတ်တဲ့ တိုင်းရင်းသားတွေများတယ်။ ရုံးပြင်ကန္နားကိစ္စတွေနဲ့လည်း အလှမ်းဝေးတော့ မဲထည့်တဲ့နေ့ကျရင် ကမောက်ကမဖြစ်မှာစိုးလို့  ဘာသာပြန်စေတနာ့ဝန်ထမ်းတွေ ထားပေးသင့်တယ်။  ကောင်စစ်ဝန်ရုံး က နေရာလည်းကျဉ်းတော့  လူတွေအများကြီးပြုံပြီးရောက်လာရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြိုတင်စီစဉ်ထားပေးစေချင်ပါတယ်။ မဲပေးမယ့်နေ့မတိုင်ခင် လူမှုအဖွဲ့အစည်းတွေနဲ့ ကြိုတင် ဆွေးနွေးထားနိုင်ရင်လည်း ပိုကောင်းပါတယ်” လို့ စိုင်း ဆိုင်လိန်ခမ်းက ပြောပါတယ်။  ဘန်ကောက်မြို့အနီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ကိုဗစ်-၁၉ ကာလ ကြိုတင်မဲပေးပွဲအောင်မြင်စွာဆောင်ရွက်နိုင်ဖို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေဟာ ပုံစံ- ၁၅ မတိုင်ခင် လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲလုပ်ခဲ့လို့ အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။  “သံရုံးတာဝန်ရှိသူတွေက ဒီ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တကမ္ဘာလုံးဆိုင်ရာကိစ္စဖြစ်နေတဲ့ အတွက်ကြောင့် ဒီကိစ္စကိုသူတို့ဦးစားပေးပြီး ရောဂါထိန်းချုပ်ကာကွယ်နည်းစနစ်နဲ့အညီ အကောင်းဆုံး စီစဉ်မယ်လို့ပြောတယ်ခင်ဗျ။  ဘယ်လိုစီစဉ်မလဲတော့မသိဘူး။  ကျနော်တို့ ထိုင်းရောက် ရွေ့ပြောင်းအလုပ်သမားတွေဟာ ၂၀၁၀ တုန်းကရော ၂၀၁၅ တုန်းကပါ မဲပေးခွင့်မရှိခဲ့ပါဘူး။ အဲတုန်းက တရားဝင်ပတ်စပို့နဲ့ထွက်လာတဲ့လူတွေပဲ မဲပေးခဲ့ကြတာလေ၊ တချို့ကလေးတွေက ငယ်သေးတယ်၊ အခုမှ ပထမဆုံးအကြိမ် မဲပေးရမှာမို့ ကျေနပ်အားရပြီး မျှော်လင့်နေကြတာပေါ့။” မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီရှိတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘန်ကောက်မြန်မာသံရုံးမှာ ကြိုတင်မဲပေးခွင့်ရတဲ့ မြန်မာနိုင်ငံသား ပေါင်း ၆၀၀ ကျော်သာရှိပြီး ဒီနှစ်ရွေးကောက်ပွဲမှာတော့  မဲပေးခွင့်ရဖို့ ပုံစံ ၁၅ ကြိုတင်ထားသူပေါင်း ၃၆၀၀၀ ရှိတယ်လို့ သိရကြောင်း ဦးအောင်ကျော်က ပြောပါတယ်။  ကြိုတင်ဆန္ဒမဲပေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာသံရုံးက တာဝန်ရှိသူတွေကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။  ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွေ့ပြောင်းအလုပ်သမား အရေအတွက် ၄ သန်းကနေ ၅ သန်းအထိရှိမယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ခန့်မှန်းထားပြီး အများစုက မြန်မာအလုပ် သမားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်ကြတဲ့ ကရင်၊ ကရင်နီနဲ့ ရှမ်း စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်းလောက်ဟာလည်း ရွေးကောက်ပွဲမှာ ပါဝင်ဆန္ဒမဲပေးခွင့် ဆုံးရှုံးနေဆဲဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024