Live
Home
မြန်မာသတင်း
မှော်ဘီတပ်ရင်းရှေ့ ကားလမ်းဘေးက မဲဆွယ်ဆိုင်းဘုတ်ဖယ်ရှားပေးရန် ကော်မရှင်ထံတိုင်ကြား
DVB
·
September 18, 2020
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာမှာ ပါတီမဲဆွယ် ဆိုင်းဘုတ်တွေ စိုက်ထူတာနဲ့ ပတ်သက်ပြီး ကော်မရှင်ထံ အကြောင်းကြားစာပေးပို့ထားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာ တပ်ရင်းဂိတ်အုတ်တံတိုင်းနဲ့ ပေ ၂၀၀ လောက်အကွာ  ရန်ကုန်-ပြည် ကားလမ်းဘေး ကားမှတ်တိုင်အနီးမှာ စက်တင်ဘာ ၁၃ ရက်က NLD ပါတီနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှလည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်းကောင်း ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီ ဆိုင်းဘုတ်တွေ စိုက်ထူခဲ့တာလို့ ဆိုပါတယ်။ ပါတီဆိုင်းဘုတ်တွေ တပ်မျက်နှာစာမှ လွတ်ကင်းရာနေရာကို ရွှေ့ပြောင်းစိုက်ထူပေးဖို့ တပ်ရင်း တာဝန်ရှိတွေက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ မေတ္တာရပ်ခံခဲ့ရာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ  ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က သူတို့ ဆိုင်းဘုတ်တွေကို ကားလမ်းရဲ့ တစ်ဖက်ခြမ်းနေရာသို့ ပြောင်းရွှေ့ စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ NLD ပါတီဆိုင်းဘုတ်ကတော့ ဆက်လက်စိုက်ထူထားဆဲဖြစ်ပြီး  သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့်ကို တပ်တာဝန်ရှိသူတွေက ထပ်မံအသိပေးအကြောင်းကြား ထားတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို စက်တင်ဘာ ၈ ရက်က စပြီးရက်ပေါင်း ၆၀ ကြာ စည်းရုံးမဲဆွယ်ခွင့်ပေးထားတာဖြစ်လို့ နိုင်ငံတဝန်းမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်ဆိုင်းဘုတ်တွေထောင်ပြီး စည်းရုံးဆောင်ရွက်နေကြတာပါ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေနဲ့ မိသားစုတွေအနေနဲ့ တပ်ပြင်ပမဲရုံတွေမှာ ပထမဆုံးအကြိမ် လွပ်လပ်စွာ  မဲပေးခွင့်ရရှိမှာဖြစ်ပေမဲ့    တပ်တွင်းမဲဆွယ်စည်းရုံးမှုတွေကတော့  ဆောင်ရွက်ခွင့်မရသေးပါဘူး။   ဓာတ်ပုံ- DSINFO

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024