Home
မြန်မာသတင်း
ရန်ကုန်ကိုလော့ဒေါင်းလုပ်ရန် အစီအစဉ်မရှိသေးဟု တိုင်းအစိုးရပြော
ညီငယ်
·
September 18, 2020
ရန်ကုန်ကိုလော့ဒေါင်းလုပ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာ ကောလာဟလ သာဖြစ်ပြီး လော့ဒေါင်းလုပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့လည်း ပြည်သူ့အသံကိုနားထောင်နေပါတယ်။ နောက်ပြီး လူမှုကွန်ရက်တွေမှာ ပြည်သူလူထုရဲ့ လော့ဒေါင်းချစေချင်တဲ့ဟာ တွေ့နေရတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မူက တော့ ပြည်ထောင်စုကနေပြီးတော့ ညွှန်ကြားချက်တွေနဲ့ အညီဆောင်ရွက်တယ်။ ပြည်ထောင်စုက ညွှန်ကြားချက်ဆိုတာ အဓိကကတော့ လမ်းတွေပိတ်တာတို့ ဘာတို့ကို သိပ်ပြီးတော့ မဖြစ်စေချင် ဘူး။ အကြောင်းအရင်းကတော့ ချိန်ညှိတာပေါ့။ သိပ်ပေါ့လျော့သွားအောင်လည်း မထားဘူး။ သိပ်ပြီးတော့လဲ တင်းကျပ်လွန်းအောင်လည်း မလုပ်ဘူး။ ဘာလို့လဲဆိုတော့ စားဝတ်နေရေးက လည်း ရှိသေးတယ်။ နောက်တခုက ဒီဟာကို နိုင်နင်းအောင် ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ နေရာမှာ ကျနော်တို့ဘက်က လုပ်နိုင်တာ အကုန်လုပ်ထားပါတယ်”လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုရေချိန်တက်လာချိန်မှာ ရန်ကုန်တိုင်းကို လော့ဒေါင်းလုပ်မယ်ဆိုပြီး အခုရက်ပိုင်းသတင်းတွေ ထွက်ပေါ်လာနေတာပါ။  ဒါ့အပြင် ရန်ကုန်မြို့ခံတွေကလည်း အချိန်အတိုင်းအတာတခုအထိ လော့ဒေါင်းလုပ်ဖို့ ရေးသား ပြောဆိုလာကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ အခုရက်ပိုင်း တွေ့လာရပါတယ်။ မြန်မာနိုင်ငံမှာတော့ စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းအထိ ကိုဗစ်-၁၉အတည်ပြုလူနာ ၄၂၉၉ ယောက်ရှိတဲ့ထဲက ရန်ကုန်တိုင်းဟာ ကူးစက်ခံလူနာ ၂၅၀၀ အထက်နဲ့ ပိုးတွေ့လူနာ အများ ဆုံးရှိနေပါတယ်။ လတ်တလောသီတင်းပတ်တွေအတွင်း နေ့စဉ်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာသစ် တိုးတိုးလာတာ နေပြီး စက်တင်ဘာ ၁၇ ရက်မှာတော့ လူနာ ၅၂၀၀ ကျော်ကို နှစ်သုတ်ခွဲ စစ်ဆေးရာမှာ လူနာသစ် ၄၀၄ ယောက်အထိ စံချိန်တင်တွေ့ရှိလာရပါတယ်။ တဆက်တည်းမှာပဲ သေဆုံးလူနာ ၆၁ ဦး ရှိလာပြီး  ပိုးတွေ့လူနာ ရာချီတွေ့လာတဲ့ သြဂုတ် ၁၆ ရက်ကစခဲ့တဲ့ ဒုတိယလှိုင်းအတွင်း သေဆုံးတဲ့ ကိုဗစ်-၁၉ လူနာ အရေအတွက်ကတော့  ၅၅ ယောက်ရှိသွားပါပြီ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024