မွန်ပြည်နယ် သစ်တောဝန်ထမ်း ၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 18, 2020
မွန်ပြည်နယ် သစ်တောဦးစီးဌာနရုံးက ဝန်ထမ်း ၈ ဦးအပါအဝင် စုစုပေါင်း ၁၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတယ်လို့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
သစ်တောဦးစီးဌာနက ဝန်ထမ်း ၁ ဦးမှာ စက်တင်ဘာ ၁၅ ရက်က ကိုဗစ်-၁၉ ရောဂါ တွေ့ရှိပြီးနောက် မွန်ပြည်နယ် သစ်တောဦးစီးဌာနရုံးက ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်း အားလုံးကို ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့ရာမှ ဝန်ထမ်း ၈ ဦး ကူးစက်ခံခဲ့ရတာပါ။
အခုအခါမှာတော့ ရောဂါပိုး ကူးစက်ခံရတဲ့ ကိုဗစ်-၁၉ လူနာ ၁၁ ဦးနဲ့ ထိတွေ့ခဲ့တဲ့သူ ၅၀ ကျော်ကို ကွာရန်တင်း စင်တာ ပို့ဆောင်ထားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့တဲ့ မော်လမြိုင် သစ်တောဦးစီးဌာနရုံးကိုတော့ အသွားအလာ ကန့်သတ်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတဲ့ လူနာ ၉၄ ဦးအထိ ရှိလာခဲ့တာပါ။
သတင်း- ဇော်လွင်ထွဋ်