မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း ၂၀ ကို ရန်ကုန်သို့ စေလွှတ်
DVB
·
September 18, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်တိုက်မြင့်တက်နေတဲ့ ရန်ကုန်တိုင်းကို ကူညီဖို့အတွက် မွန်ပြည်နယ်က ကျန်းမာရေး ဝန်ထမ်း ၂၀ ကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ စေလွှတ်လိုက်ပြီလို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။
စေလွှတ်လိုက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာတော့ ဆရာဝန်၊ ကျန်းမာရေးမှူးတွေအပြင် သူနာပြုတွေလည်း ပါဝင်ပါတယ်။
ရန်ကုန်ကို သွားရောက်ကူညီမယ့် ကျန်းမာရေးဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ကာလတုန်းက ရခိုင်ပြည်နယ်ကို သွားရောက် ကူညီဖို့ အဆိုပြုထားတဲ့သူတွေ ဖြစ်ပြီး အခုအခါမှာတော့ ရန်ကုန်မှာ ပိုးတွေ့လူနာများလာလို့ ပြောင်းရွှေ့စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ကို သွားရောက် ကူညီမယ့် ကျန်းမာရေး ဝန်ထမ်းတွေဟာ မော်လမြိုင်ကလွဲပြီး တခြား မြို့နယ် ၉ မြို့နယ်က ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအရ စက်တင်ဘာ ၁၇ ရက် ညဦးပိုင်းအထိ ရန်ကုန်တိုင်းတခုတည်းမှာပဲ လူနာအရေအတွက် ၂၄၆၀ နဲ့ အများဆုံး ဖြစ်ပွားနေတာပါ။
သတင်း - ဇော်လွင်ထွဋ်