သီပေါမြို့နယ်၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်း ၁ လောင်းတွေ့ရှိ
DVB
·
September 18, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နောင်အန်အုပ်စု၊ နမ့်ပုံ့ပန့်ကျေးရွာအကျော် နမ့်လန်ကားလမ်းဘေးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတစ်လောင်းကို စက်တင်ဘာ ၁၇ ရက် မနက် ၁၁ နာရီခွဲက တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူရဲ့ ဘယ်ဘက်ရင်အုံမှာ သေနတ် ဒဏ်ရာနှစ်ချက်၊ မျက်နှာနဲ့လက်မှာ ရိုက်နှက်ဒဏ်ရာတွေ တွေ့ရတယ်လို့ နောင်အန်ကျေးရွာအုပ်စုမှူးက ပြောပါတယ်။
သေဆုံးသူဟာ စိုင်းညီညီ အသက် ၃၇ နှစ်ရှိသူဖြစ်ပြီး သူ့လယ်ခင်းကို သွားရောက်ကြည့်ရှုချိန် အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
စိုင်းညီညီ အိမ်ကစီးသွားတဲ့ဆိုင်ကယ် ပျောက်ဆုံးနေပြီး ဆီပြတ်လပ်နေတဲ့ ဆိုင်ကယ်အစုတ်တစီးသာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဓားပြတိုက်ရင်း သတ်သွားတာဖြစ်နိုင်တယ်လို့ယူဆတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
သီပေါမြို့နယ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သူတွေ ၁၇ လောင်းထိရှိခဲ့တယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာအချက်အလက်စုဆောင်းနေသူတွေထံက သိရပါတယ်။
သတင်း- နန်းစပယ်