မောင်တောတွင် ကျန်းမာရေးဝန်ထမ်း ၁ ဦးနှင့် INGO ဝန်ထမ်း ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 17, 2020
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးထဲမှာ မောင်တောမြို့က ကျန်းမာရေး ဝန်ထမ်း ၁ ဦးနဲ့ INGO ဝန်ထမ်း ၄ ဦးပါဝင်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက် ည ၈ နာရီ ထုတ်ပြန်တဲ့ လူနာသစ် ၁၈၅ ဦး စာရင်းထဲမှာ မောင်တောမြို့က ၅ ဦးနဲ့ ဘူးသီးတောင်မြို့က ၇ ဦး ပါဝင်တာပါ။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "မောင်တောက ပိုးတွေ့တဲ့ ၅ ဦးထဲမှာ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ နယ်စည်းမထားဆရာဝန်များအဖွဲ AZG က ၃ ဦးနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ ICRC က ၁ ဦးပါတယ်။ INGO ရုံးတွေကိုတော့ Lockdown ချထားတယ်။ ကျန်မာရေးဝန်ထမ်းမိသားစုတွေကိုလည်း Home Quarantine ထားတယ်" လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့က ပိုးတွေ့လူနာသစ် ၇ ဦးဟာ စက်တင်ဘာ ၁၃ ရက်နေ့က ပိုးတွေ့ ရှိသူ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဝန်ထမ်း ၁ ဦးရဲ့ မိသားစုတွေဖြစ်တယ်လို့ မြို့နယ်အာပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။
"သူတို့ကိုတော့ အသွားအလာကန့်သတ်ထားတာဖြစ်တဲ့အတွက် နောက်ထပ်ထိတွေ့မှုတော့ မရှိပါဘူး" လို့ ဆိုပါတယ်။
ဘူးသီးတောင်ဆေးရုံမှာ လက်ရှိ ကိုဗစ်-၁၉ လူနာ ၉ ဦးနဲ့ မောင်တောမြို့မှာ ၁၀ ဦး ဆေးကုသမှုခံယူနေပါတယ်။
သတင်း - လင်းလက်