ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှ ပြန်ဝင်လာသူများအနက် ကိုဗစ်-၁၉ ပိုးတွေ့သူ ၆၀ ကျော်ရှိ
DVB
·
September 17, 2020
ထိုင်းနိုင်ငံကနေ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံ မြဝတီဘက်ကို တရားဝင်ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက ပိုးတွေ့လူနာ ၆၀ ကျော်ရှိနေပြီး ကိုဗစ်-၁၉ ရောဂါစစ်ဆေးတာ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
ပြည်တွင်း ကူးဆက်မှုမြန်ဆန်လာတဲ့အပြင် နယ်စပ်ကနေပြန်လည်ဝင်ရောက်လာသူတွေ ဆီကနေ ရောဂါပိုးပါလာမှာကို စိုးရိမ်တဲ့အတွက် အခုလို ဆောင်ရွက်နေရတာလို့ ဆိုပါတယ်။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က "ပြည်တွင်းကူးစက်မှုအပြင် ပြည်ပကနေ ဝင်ရောက်လာသူတွေထံကလည်း ရောဂါပိုးပါလာနိုင်တဲ့အတွက် စစ်ဆေးမှုတွေကို အရင်ကထက် ပိုဂရုစိုက်ပြီး ဆောင်ရွက်နေတယ်။ လတ်တလောမှာ ၂ နှစ်ကလေးတစ်ဦး ပိုးတွေ့ရှိထားတယ်"လို့ ဆိုပါတယ်။
ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာသူတွေကို ဓာတ်ခွဲစစ်ဆေးဆောင်ရွက်ရာမှာ ရောဂါပိုးတွေ့ရှိသူ ပထမအကြိမ်ဝင်ရောက်လာသူတွေထက်ပို များလာတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၀ ရက်က ဓာတ်ခွဲနမူနာပေးပို့ထားတဲ့ ၂ နှစ်အရွယ်ကလေးမှာ ပိုးတွေ့ရှိ ခဲ့တဲ့အတွက် ဘားအံဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးထားပါတယ်။
အဆိုပါကလေးဟာ မိခင်နဲ့ အစ်မဖြစ်သူတို့နဲ့အတူ ထိုင်းနိုင်ငံကနေပြန်လည် ဝင်ရောက်လာခဲ့တာဖြစ်ပြီး လမ်းခရီးမှာ နှာခေါင်းစည်းတပ်ဆင်မှုလက်မခံတဲ့အတွက် ခရီးသွားရင်း ရောဂါပိုးကူးစက်ခံရတာဖြစ်နိုင်ပြီး မိခင်နဲ့ အစ်မဖြစ်သူထံက ရောဂါပိုးမတွေ့ရှိရဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီလက စတင်ပြီး ပထမအကြိမ် ပြန်လည်ဝင်ရောက်လာသူ ၃၈၀၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ ၃ ဦးရှိခဲ့ပါတယ်။ မေလ ၁ ရက်နေ့ကစတင်ပြီး ဒုတိယအကြိမ် ဝင်ရောက်လာသူ ၇၂၀၀၀ ကျော်ကို စစ်ဆေးရာတော့ ၆၂ ဦး ပိုးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံဘက် ပြန်လည် ဝင်ရောက်လာသူတွေကို သက်ဆိုင်ရာ ကွာရန်တင်း စခန်းတွေမှာထားရှိပြီကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ဓာတ်ခွဲနမူနာရယူတာတွေ ဆောင်ရွက်နေပါတယ်။
သတင်း- ရဲမင်းခေါင်