ထိုင်းမှပြန်သွားသည့် မြန်မာကလေးငယ် ၁ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် စုံစမ်းနေ
DVB
·
September 17, 2020
ထိုင်းနိုင်ငံ၊ မဲဆောက်ကနေ မြန်မာဘက်ခြမ်း မြဝတီကိုပြန်သွားတဲ့ ၂ နှစ်ရွယ် ကလေးငယ် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရှိရပြီးတဲ့နောက် အဆိုပါ ကလေးငယ်နဲ့ ထိတွေ့ခဲသူတွေကို ထိုင်းနိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက လိုက်လံ စုံစမ်းရှာဖွေနေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
၂ နှစ်ရွယ် မြန်မာကလေးငယ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က သူ့မိခင်နဲ့ အစ်မဖြစ်သူတို့နဲ့အတူ ထိုင်းကနေ မြန်မာပြည်ကို ပြန်သွားခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ အဆိုပါကလေးမှာ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုပါကလေးငယ်ရဲ့ ရောဂါကူးစက်မှုရာဇဝင်ကို သိရဖို့နဲ့ သူနဲ့ ထိတွေ့ခဲ့သူတွေအားလုံးကို ကျန်းမာရေးစစ်ဆေးနိုင်ဖို့ ကျန်းမာရေးဆိုင်ရာ သံတမန်နည်းလမ်းနဲ့ရော၊ (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေသလို မဲဆောက်-မြဝတီ နှစ်နိုင်ငံနယ်စပ် အဝင်အထွက်ဂိတ်တွေကပါ ဆက်သွယ်စုံစမ်းနေတယ်လို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆုဝမ်နချိုင်း ဝပ်ထနာယိင့်ကျရွန်းချိုင်းက မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ် ။
မဲဆောက်- မြဝတီတရားဝင် ဂိတ်ပေါက်တွေမှာတော့ ပြီးခဲ့တဲ့စက်တင်ဘာ ၄ ရက်က အ ဆိုပါကလေးငယ်နဲ့ သားအမိတွေ ဝင်ထွက်သွားလာတဲ့မှတ်တမ်းကို မတွေ့ခဲ့ရကြောင်း ၊ ဒါကြောင့် သူတို့သားအမိဟာ တရားမဝင်နယ်စပ်တောလမ်းကနေပြန်ဝင်သွားမယ်လို့ ခန့်မှန်းကြောင်း ဒေါက်တာဆုဝမ်နချိုင်းက ဆက်ပြောပါတယ်။
တာ့ခ်ခရိုင်ထဲမှာ မြန်မာနဲ့ထိုင်းအပြန်အလှန် ဝင်ထွက်သွားလာလို့ရတဲ့ တရားမဝင်တောလမ်းတွေ ရှိပြီး ထွက်ပေါက်ပေါင်း ၅၀ လောက်ရှိတာမို့ လူဝင်လူထွက်ထိန်းချုပ်ရ တာ ခက်ခဲတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့တော့ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေရှိတဲ့ နေရာတွေကို သတိထား စောင့်ကြည့်တာ၊ ရောဂါရှိသူတွေနဲ့ ဆက်စပ်မှုရှိခဲ့တဲ့သူတွေကို သေချာစစ်ဆေးတာတွေ လုပ်နေသလို ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကိုလည်း စီမံချက်ချမှတ်ဆောင်ရွက်နေတယ်လို့ ဒေါက်တာဆုဝမ်နချိုင်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၇ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၃၄၉၀ ဦး ၊ ပျောက်ကင်းသက်သာသူပေါင်း ၃၃၂၅ ဦးနဲ့ သေဆုံးသူပေါင်း ၅၈ ဦးရှိပြီး ဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူနေသူ ၁၁၆ ဦးရှိပါတယ်။
ကိုးကား- MGR Online/Thairath