ရန်ကုန်ပြန် မကွေးမြို့နယ်နေ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 17, 2020
ရန်ကုန်ကပြန်လာတဲ့ မကွေးမြို့နယ်၊ မိကျောင်းရဲတိုက်နယ်နေ အမျိုးသမီး ၁ ဦးမှာ စက်တင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "မိကျောင်းရဲ တိုက်နယ်၊ မကျီးကန်ကျေးရွာက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဟာ ရန်ကုန်ကပြန်လာတာကြောင့် Quarantine ပြုလုပ်ကာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေကို ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ” လို့ ပြောပါတယ်။
လူနာအမျိုးသမီးကို မကွေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသပေးမှာဖြစ်ပြီး လူနာ နဲ့ ဆက်စပ်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မကွေးမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးတွေ့ရှိထားပြီး ကျန်းမာရေးကောင်းမွန်တဲ့ ၂ ဦးကို ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး တတိုင်းလုံးမှာတော့ အတည်ပြုလူနာ ၁၄ ဦးရှိပြီလို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းအတွင်းက Quarantine စင်တာတွေမှာ လူဦးရေ ၂၇၀၀ ကျော်ရှိနေပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူကာ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးနေတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း - မင်းထီး