မွန်ပြည်နယ်အတွင်း ထိုင်းက ပြန်လာသူ ၂ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိ
DVB
·
September 17, 2020
မွန်ပြည်နယ်အတွင်း ထိုင်းနိုင်ငံက ပြန်လာသူ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်း ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့ ထိုင်းနိုင်ငံပြန်သူ ၂ ဦးဟာ ထိုင်းနိုင်ငံပြန် ကိုဗစ်လူနာ အမှတ် ၉၈၆ ကတဆင့် ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ကိုဗစ်လူနာ ၂ ဦးဟာ မော်လမြိုင် ပညာရေးကောလိပ်မှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်ထားသူတွေ ဖြစ်ပါတယ်။
ဒီကိုဗစ်လူနာ ၂ ဦးမှာ ၁ ဦးက မော်လမြိုင် အောက်ကျင်းရပ်ကွက်နေသူဖြစ်ပြီး ကျန် ၁ ဦးကတော့ ရေးမြို့နယ် လမိုင်းမြို့ နေသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရောဂါပိုး ကူးစက်ခံထားရတဲ့ လူနာ ၂ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ပြောင်းရွှေ့ကုသနေပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်းအထိ ရောဂါပိုး ကူးစက်ခံထားရတဲ့ ကိုဗစ်လူနာ ၈၇ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။