Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ပြန်သုံးသပ်ရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၄ ပါတီတောင်းဆို 
DVB
·
September 16, 2020
ရွေးကောက်ပွဲကျင်းပမယ့် ရက်သတ်မှတ်ထားတာနဲ့  ပတ်သက်လို့  ပြန်လည်သုံးသပ်ဖို့ ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၄ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုထားပေမဲ့  အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတချို့ကတော့ ပုံမှန်အတိုင်းကျင်းပဖို့ လိုလားတယ်လို့ ပြောပါတယ်။  အများပြည်သူ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ရှေးရှုပြီး ရွေးကောက်ပွဲရက် သတ်မှတ်မှုကို ပြန်လည်သုံးသပ်ပေးဖို့အတွက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအဝင် ၂၄ ပါတီက စက်တင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားတာပါ။ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ်လို့  ကော်မရှင်ဘက်က သတ်မှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီသတ်မှတ်ရက်ထက် နောက်ကျပြီးကျင်းပမယ်ဆိုရင်လည်း အလွန်ဆုံးတစ်လခွဲပဲ အချိန်ရမယ်လို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ တစ်လခွဲထက်နောက်ကျမယ်ဆိုရင် လက်ရှိလွှတ်တော်နဲ့ နောက်တက်လာမယ့် လွှတ်တော်နှစ်ရပ်အကြား ကွာဟမှုတွေရှိလာမှာဖြစ်ပြီး နိုင်ငံရေးအရ အကျပ်အတည်းပါ ဖြစ်လာနိုင်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ခြေနိုင်လက်နိုင်အခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့ သဘောထားရှိတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အဲဒီသဘောထားကလည်း ပြည်သူလူထုအပေါ်ကိုသာ ဦးစားပေးစဉ်းစားထားတဲ့အချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို နောက်ဆုတ်ကျင်းပနိုင်တဲ့ တစ်လခွဲအချိန် ကာလတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ က မြန်မာနိုင်ငံမှာ ကင်းစင်ဖို့အတွက် မသေချာတဲ့ ကိစ္စဖြစ်တဲ့အတွက် သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ကိုသာ အာဏာရပါတီဘက်ကို လိုလားနေတာပါ။  အလားတူ တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အဲဒီလို သဘောထားရှိနေတာပါ။ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ အစိုးရအသစ်ပေါ်ပေါက်ရေးမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးက အရေးကြီးပေမယ့် လိုအပ်တာထက်ပိုဂရုစိုက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲ မဖြစ်စရာ အကြောင်းမရှိဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ရေရှည်ထိန်းချုပ်သွားရမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် သတ်မှတ်ရက်အတိုင်းသာကျင်းပသင့်တယ်လို့ မွန်ညီညွတ်ရေးပါတီက နိုင်လယိတမကလည်း သဘောထားမှတ်ချက်ပေးပါတယ်။ ချင်းပါတီဖြစ်တဲ့ CNLD နဲ့ ရခိုင်ပါတီတစ်ခုဖြစ်တဲ့ ALDတို့ကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ လိုလားတဲ့အကြောင်း ဒီဗွီဘီသတင်းဌာနကို သဘောထားမှတ်ချက်ပေးထား တာရှိပါတယ်။ ကျန်တဲ့ တခြားတိုင်းရင်းသားပါတီတွေကို ဆက်သွယ်မေးမြန်းနေ ဆဲဖြစ်ပါတယ်။  ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့ထားပါတယ်။ သတင်း-ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024