Home
မြန်မာသတင်း
ဖိနှိပ်ခံရခိုင်ပြည်သူများအတွက် အနက်ရောင်ကမ်ပိန်း ပြုလုပ်
DVB
·
September 15, 2020
ရခိုင်ပြည်သူတွေ မတရားဖိနှိပ်ခံနေရတာကို အများပြည်သူ သိရှိအောင် ဖော်ထုတ်တဲ့ အနေနဲ့ အနက်ရောင်ကမ်ပိန်းလှုပ်ရှားမှုကို  ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များရန်ကုန်) နဲ့  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့က ဦးဆောင်ပြီး စတင်ပြုလုပ်နေပါတယ်။ စက်တင်ဘာ ၁၅ ရက်ကစပြီး မိမိတို့နေအိမ်ရုံးခန်းတွေမှာ အလံအနက်ရောင်တွေ ချိတ်ဆွဲဖို့ ဗုဒ္ဓဟူးနေ့တွေမှာ အနက်ရောင်ဝတ်ဆင်သွားလာကြဖို့ ရက္ခိုင်ကျောင်းသားများသမဂ္ဂက ပြည်သူတွေကို လူမှုကွန်ရက်ကနေ  နှိုးဆော်ထားပါတယ်။ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များရန်ကုန်) အတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းက "အခုဆိုရင် ရခိုင်ပြည်အနှံ့ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေနဲ့ တောင်ကုတ်မြို့က ပြည်သူတွေရဲ့ အိမ်တွေမှာ အလံအနက်ရောင်တွေ ချိတ်ဆွဲနေကြပါပြီ။ ရန်ကုန်မှာလည်း ဒါကိုထောက်ခံတဲ့ သမဂ္ဂ ပေါင်းစုံက ကျောင်းသားတွေရဲ့ ရုံးခန်း နေအိမ်တွေမှာ အလံအနက်ရောင်တွေ ဆွဲထားကြပါတယ်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားတွေအနေနဲ့ ရခိုင်ကCSO တွေကို ဆက်သွယ်ပြီး ဒီ campaign ကိုပိုမို ပျံ့နှံ့အောင် ဆက်လုပ်နေပါတယ်။ ကျနော်တို့ရခိုင်တွေ လိုချင်တဲ့တရားမျှတမှုတွေ မရမချင်း ဒီcampaign ကို ဆက်လုပ်သွားမှာပါ'' လို့ ပြောပါတယ်။ လက်ရှိ  ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ  ရခိုင်ပြည်သူတွေအနေနဲ့ ရောဂါကူးစက်ခံရတဲ့ ဘေးသာမက စစ်ဘေးနဲ့ပါကြုံတွေ့နေရတာဖြစ်ပြီး  ရပ်ရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ပစ္စည်းလု မုဒိမ်းကျင့်ခံရတာတွေ  ဆက်တိုက်ခံစားနေရကာ အေအေနဲ့ တပ်မတော်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကာလအတွင်း အခုဆိုရင် အရပ်သား ၃၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနက်ဖြတ်တောက်မှုတွေနဲ့ကြုံတွေ့ခဲ့ရသလို  အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ကျောင်းသားတွေလည်း ဖမ်းဆီး တရားစွဲခံထားရပါတယ်။ လက်ရှိမှာတော့ အစိုးရက ရခိုင်ပြည်နယ်တခြားဒေသတွေမှာ 2 G နဲ့ စစ်တွေမှာ 3G အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးထားပြီး ကိုဗစ်-၁၉ ရောဂါနဲ့ ကာကွယ်ထိန်းချုပ် ကုသရေးနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတာရှိပါတယ်။  သတင်း - နွေလှိုင်း(YU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024