မူဆယ်မြို့နယ် မုံးပေါ်ဒေသတွင် တိုက်ပွဲဖြစ်ပွား
DVB
·
September 15, 2020
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသရှိ ဖွန်းပျန်ဘွမ်မှာ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက တပ်မတော်နဲ့ ကေအိုင်အေ ကချင်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့ ရွာငယ်တွေဘက်မှာဘဲ မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာဟာ ရွာတွေနဲ့ အနည်းငယ်ဝေးတာကြောင့် ရွာသားတွေ ထိခိုက်မှု မရှိပေမယ့် ဒေသခံ ပြည်သူကတော့ စိုးရိမ်နေကြရတယ်လို့လည်း ပြောပါတယ်။
မုံးပေါ်ဒေသမှာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းကလည်း ကိုးကန့်အဖွဲ့ (MNDAA)နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၂ ရက် မနက် ၉ နာရီခွဲ လောက်ကလည်း ကေအိုင်အေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီဒေသမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ အခက်အခဲကြုံနေပြီး ခုလို ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အကြပ်အတည်းနဲ့ ပိုမိုရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
လက်ရှိကာလမှာ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာတွေကလွဲပြီး ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို စက်တင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းပေးသွားမယ်ကြေညာထားပါတယ်။
မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA၊ TNLA အဖွဲ့တွေကလည်း စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ရက်ပေါင်း ၇၀ ကြာ တစ်ဘက်သတ်အပစ်ရပ်စဲကြောင်း ကြေညာထားပါတယ်။
အခုလိုနှစ်ဖက်စလုံးက အပစ်ရပ်စဲရေးကြေညာထားပေမယ့် တိုက်ပွဲတွေကတော့ မရပ်မနား ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က တိုက်တွန်းပြောထားသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ချက်ချင်းရပ်ဖို့ တိုက်တွန်းထားပါတယ်။
သတင်း- Pra Jaw