Home
မြန်မာသတင်း
ထိုင်းနယ်စပ်ရှိ ရှမ်းစစ်ပြေးရှောင်ပြည်သူထောင်ချီ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးနေ 
နန်းမြနဒီ
·
September 15, 2020
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၅၀ ကျော်လောက်သာ လိုတော့ပေမယ့် ထိုင်း- မြန်မာနယ်စပ်ရောက် ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေ အကြားမှာတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားတဲ့အပြင် စိတ်ဝင်စားသူတွေလည်း ဆန္ဒမဲပေးပိုင်ခွင့်တွေ  ဆုံးရှုံးနေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း ၆ ခုမှာ လူပေါင်း ၆၀၀၀ ကျော် ခိုလှုံနေပြီး အများစုဟာ  ဝေးလံခေါင်ဖျားဒေသကျေးရွာတွေက ရောက်လာကြကာ မြန်မာစကားမတတ်တာနဲ့၊ အမျိုးသားမှတ်ပုံ တင်လည်းမရှိကြတာကြောင့် ရွေးကောက်ပွဲနဲ့ အလှမ်းဝေးနေတယ်လို့   ရှမ်းပြည်နယ် လင်းခေး ခရိုင်နဲ့ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ်ကြားရှိ ကုန်းကျော် စစ်ဘေးရှောင်စခန်းမှ စခန်းကော်မတီ ဦးစိုင်းလင်းက ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့ အိုင်ဒီပီတွေ ရှမ်းစစ်ပြေးဒုက္ခသည်တွေမှာ အများစုက ကျေးလက်တောရွာက လာတာ မြန်မာလိုမတတ်ဘူး။ မှတ်ပုံတင်ရဖို့လည်း တအားခက်တယ်။ အဲဒါကြောင့် မှတ်ပုံတင် လည်း မရှိဘူး။ မဲပေးဖို့အတွက်ကိုလည်း သူတို့ကစိတ်မဝင်စားဘူးပေါ့။ တချို့ကတော့ ရွှေ့ပြောင်း လုပ်သားအနေနဲ့  ထိုင်းနိုင်ငံထဲကို ဝင်သွားကြတယ်။၊ သူတို့တွေလည်း မှတ်ပုံတင်မရှိတာ၊ ရှိရင် လည်း တရားဝင်သွားတာမဟုတ်တော့ မဲပေးလို့မရဘူး။ တရားမဝင်အလုပ်သမားတွေရော စစ်ပြေးရှောင်စခန်းကလူတွေပါပေါင်းရင် ဆန္ဒမဲမပေးနိုင်တာ တစ်သိန်းကျော်ရှိမယ်လို့ ကျနော် ထင်တယ်။” အခုလို ရှမ်းပြည်ကလူတွေ သိန်းနဲ့ချီဆန္ဒမဲမပေးနိုင်တာကြောင့် ရှမ်းပြည်ထဲက တိုင်းရင်းသား ပါတီတွေအတွက်လည်း နစ်နာရတယ်လို့ သူကဆက်ပြောပါတယ် ။ မြန်မာ့တပ်မတော်နဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့်လည်းကောင်း၊ တောင်ပိုင်း  ဝ တပ်ဖွဲ့ လုံခြုံရေးအတွက် ခြံမြေတွေ အသိမ်းခံရတာကြောင့်လည်းကောင်း  ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းက ရွာသားတွေဟာ နယ်စပ်ကို  ထွက်ပြေးလာရာက အခုဆိုရင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်နဲ့ မျက်နှာချင်းဆိုင် ကုန်းကျော်၊ လွယ်လမ်နဲ့ လွယ်ဆာမ်ဆိပ်၊ မယ်ဟောင်ဆောင်ခရိုင် မျက်နှာချင်းဆိုင် ကောင်းမွန်မိုင်းနဲ့ လွိုင်တိုင်းလျန်း၊  ချင်းရိုင်းခရိုင်နဲ့ မျက်နှာချင်းဆိုင် လွယ်ကော်ဝမ်းစတဲ့ စခန်း ၆ ခုမှာ လူပေါင်း ၆၀၀၀ လောက်ခိုလှုံနေပါတယ်။ အဆိုပါစခန်းတွေဟာ အရင်က ယူအန်အိတ်ချ်စီအာနဲ့ နိုင်ငံတကာအန်ဂျီအိုတွေကနေ စားနပ်ရိ က္ခာထောက်ပံ့မှုတွေရခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ ထောက်ပံ့မှုတွေရပ်နားသွားခဲ့ပါတယ်။ ဒါ့ကြောင့် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားနဲ့ တခြားအလှူရှင်တွေဆီကနေ အကူအညီရယူနေရပြီး ဒုက္ခသည်စခန်းရှိတဲ့နေရာတွေမှာ  မြေဆီမြေနှစ်မကောင်းတာကြောင့် စိုကိပျိုးရေးကောင်းစွာ မလုပ်နိုင်သလို ထိုင်းမှာအလုပ်လာလုပ်ဖို့လည်း အထောက်အထား မရှိတာကြောင့် စားဝတ်နေရေး  အမြဲလို အခက်အခဲတွေ့နေကြပါတယ်။  ထိုင်းနိုင်ငံထဲမှာလည်း နေရပ်မပြန်နိုင်သေးဘဲ ဆယ်စုနှစ်နဲ့ချီပြီး ခိုလှုံနေကြရတဲ့ ကရင်နဲ့ ကရင်နီ ဒုက္ခသည်ပေါင်း ၁ သိန်းလောက်ဟာလည်း မဲပေးပိုင်ခွင့် ဆုံးရှုံးနေဆဲ ဖြစ်ပါတယ်။ အလားတူ  ထိုင်းနိုင်ငံအတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့  ရွေ့ပြောင်း မြန်မာ အလုပ်သမားတွေ သန်းနဲ့ချီရှိတဲ့ အထဲမှာ အများဆုံး သောင်းဂဏန်းလောက်သာ မဲပေးခွင့်ရ နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024